Advertisements

တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ ပြည့်ဝသည့် ဖက်ဒရယ်ပြည်ထောင်စုဆီသို့ နိုင်ငံရေးစကားဝိုင်းနည်းလမ်းဖြင့် ချဉ်းနင်းဝင်ရောက်ရန် ခြေစလှမ်းနေချိန် အဆုံးသတ်ကို မမြင်ရသေးချိန်တွင် အနာဂတ်အတွက် မည်သို့ပြင်ဆင်ကြမည်နည်း။

လာမည့် သြဂုတ် ၂၆ ရက်၊ ဝါခေါင်လပြည့်နေ့သည် မွန်တော်လှန်ရေး စတင်ခဲ့သော ၇၁ နှစ်မြောက်နေ့ဖြစ်၏။

အခမ်းအနားကို ပွဲဖြစ်မြောက်ရေး ကော်မတီက မုဒုံမြို့နယ် ဝင်းစိန်တောရရှိ အာဇာနည်ကုန်းတွင် ပြုလုပ်ရန် စီစဉ်ထားသည်။

တန်းတူအခွင့်အရေး ရရှိရန် လက်နက်ကိုင် တော်လှန်ခဲ့သည်မှ အစပြုခဲ့သည်မှ ယခု နိုင်ငံရေး စားပွဲဝိုင်းဖြင့် ဖြေရှင်းရန် ကြိုး ပမ်းနေချိန်အတွင်း မပြီးပြတ်သေးသည့် ခရီးမှတ်တိုင်တစ်ခုပင်။

တော်လှန်ရေးခရီး အစ

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်တိုင်းရင်းသားအစည်းအရုံးသည် ဖဆပလ (ဖက်ဆစ်တော်လှန်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ်) မှ နုတ်ထွက်ပြီးရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ရာမှစခဲ့သည်ဟု မင်းအေးငြိမ်း (ထုံးအိုင်) ရေးသားသော မွန်အမျိုးသား လှုပ်ရှားမှုနှင့် တက္ကသိုလ်ကျောင်းသားများ စာအုပ်တွင် ရေးသား ဖော်ပြထားသည်။

ထိုသို့ဖြစ်ခဲ့ပြီးနောက် ရေးဆွဲခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မွန်အမျိုးသားကိုယ်စားပြု အရေးဆိုမည့် အမတ်ကိုယ်စားလှယ်မရှိသောကြောင့် မွန်အမျိုးသားများ၏ အခွင့်အရေးများနှင့် သက်ဆိုင်သည့် မှတ်တမ်းတစ်လုံးတစ်ပါဒမျှ မပါရှိခဲ့သဖြင့် အရေးဆိုမှုများပြုလုပ်ခဲ့ရပြန်သည်။

၁၉၄၇ ခုနှစ် ဇူလိုင်လ စတုတ္ထပတ်တွင် နိုင်ဘလွင်၊ နိုင်စံသူ၊ နိုင်စိန်ထွန်းတို့သည် ဝန်ကြီးချုပ်ဦးနုနှင့် ဖဆပလဗဟိုအမှုဆောင်အဖွဲ့ကို ရန်ကုန်မြို့တွင် တွေ့ဆုံ၍ မွန်အမျိုးသားများအတွက် သီးသန့်မဲစာရင်းပြုလုပ်၍ လွှတ်တော်တွင် အချိုးကျ လူဦးရေအလိုက် သီးသန့်မွန်ကိုယ်စားလှယ်အမတ်များစာရင်းပြုလုပ်ရန်၊ မွန်အမတ်များဖြင့် ဖွဲ့စည်းထားသော အာဏာနှင့် ပြည့်စုံသည့် မွန်ရေးရာကော်မတီဖွဲ့စည်းပေးရန်၊ အခြားလူမျိုးများနည်းတူ ဗဟိုအစိုးရလက်အောက်ခံမွန်အမျိုးသားစစ်တပ်ဖွဲ့ပေးပါရန် စသည့် အချက် ၇ ချက်ကို တောင်းဆိုခဲ့ရပြန်၏။

ထို တောင်းဆိုချက်ကို ဘုရင်အတိုင်ပင်ခံ အမှုဆောင်ကောင်စီ ဖဆပလအစိုးရအဖွဲ့သည် မွန်နှင့်ဗမာအတူတူပဲ သီးခြားအခွင့်အရေးပေးရန်မလိုဟု အဖြေပေးခဲ့ပြီး ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်အချို့ကိုလိုက်လျောပေးခြင်းဖြင့်သာ ကြုံလိုက် ရသည်။

ထို့နောက် လွတ်လပ်ရေးရပြီးသည့်အခါ ဖဆပလအစိုးရသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ် ဖော်ထုတ်ရေးကို လျစ်လျှုရှုထား ပြန်သဖြင့် မွန်လူမျိုးရေးရာအဖွဲ့ချုပ်က မော်လမြိုင်မြို့တွင် အင်အား နှစ်သောင်းကျော်ခန့်ပါဝင်သည့် လူထုဆန္ဒပြပွဲပြုလုပ်၍ မွန်ပြည်နယ်ချက်ချင်းပေး၊ ပြည်တွင်းစစ်အလိုမရှိ၊ မွန်နှင့်ဗမာမတူဘူး စသည်တို့ဖြင့် ကြွေးကြော်တောင်းဆိုခဲ့ရပြန်၏။

သို့သော်လည်း ဖဆပလ အစိုးရသည် မွန်တို့ တောင်းဆိုသော အချက်များကို မလိုက်လျှောခဲ့သည့်အပြင် ကျိုက္ခမီခရိုင်လုံခြုံရေးအတွက် စစ်တပ်ရင်းတစ်ရင်း မော်လမြိုင်မြို့သို့ပို့လွှတ်ပြီး မွန်တို့၏ လှုပ်ရှားမှုကို စောင့်ကြည့်အရေးယူမှုများပြုလုပ်လာသည်နှင့်ကြုံရကြောင်း မွန်အမျိုးသား လှုပ်ရှားမှုနှင့် တက္ကသိုလ်ကျောင်းသားများ စာအုပ်တွင် မှတ်တမ်းတင်ထားသည်။

ထိုအခြေအနေများကြောင့် Mon National Defend Organization (MNDO) ကိုဖွဲ့စည်းပြီး တော်လှန်ရေးကြီးစတင်လိုက်တော့၏။ အဆိုပါ ခရီးကို လူလေးယောက်ဖြင့်စခဲ့ခြင်းဖြစ် ပြီး နောက်ပိုင်းတွင် ဗိုလ်သိန်း စုဆောင်းထားသည့် လူငယ် (၃၀)၊ နိုင်သာနှင်းထံမှ ရိုင်ဖယ်တစ်လက်၊ နိုင်ပန်းသာထံမှ အေ ၄၅ ဗို့ ပစ်စတိုတစ်လက်၊ စတင်းဂန်းတစ်လက်တို့ကို သုံး၍ ဇာသပြင်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ကာ လက်နက် စုဆောင်းခဲ့ရပြန်၏။

ဇာသပြင်စခန်းကို သိမ်းယူသော ၁၉၄၈ သြဂုတ် ၁၉ ရက်၊ ဝါခေါင်လပြည့်ကို နောင်တွင် မွန်တော်လှန်ရေးနေ့အဖြစ်သတ်မှတ်လိုက်ခြင်းဖြစ်ပါသည်။

လက်ရှိအခင်းအကျင်း

ယင်းသို့အစပြုခဲ့သည့် မွန်လူမျိုးတို့၏ တိုက်ပွဲကို မွန်ပြည်သစ်ပါတီကလက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ပြီး လက်နက်ကိုင်တော်လှန်ခြင်းမှသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်၊ တန်းတူညီတူခွင့်တို့ ပြည့်ဝသည့် ပြည်နယ်ဖြစ်လာရေးအတွက် အပစ်အခတ်ရပ်စဲ၍ နိုင်ငံရေးစကားဝိုင်းသို့ ဝင်ရောက်ကြိုးပမ်းခြင်းဆီသို့ ခရီးဆက်ခဲ့ ပြန်၏။

ထို့အတူ ၂၀၀၈ အခြေခံဥပဒေဖြင့် ရရှိထားသည့်ဘောင်အတွင်းမှ ပြုလုပ်နေသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများတွင် တရားဝင်မှတ်ပုံတင်ထားသော မွန်ပါတီတို့ဖြင့်ဝင်ရောက်၍ လွှတ်တော်အသီးသီး၌ ကိုယ်စားပြုအမတ်နေရာများများရရေး ကိုလည်း ထပ်ပေါင်းအသုံးပြု၍ နည်းလမ်းအသွယ်သွယ်ဖြင့် ရည်မှန်းချက်ဆီသို့ ချီနေဆဲပင်။

လက်ရှိတွင်လည်း ပါတီများ၍ မဲကွဲမည့်အရေးကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲမတိုင်မီ မွန်နိုင်ငံရေး ပါတီတို့ ကြို တင်တွက်ဆပြင်ဆင်နေပြီး မွန်တစ်ပါတီ တည်း ဖြစ်ရေး ကြိုးပမ်းနေ၏။

ယနေ့အချိန်တွင် ထိုသို့ဖြစ်လာရန် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသား ပါတီ အပါအဝင် မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ များနှင့် သဘောတူညီမှု ရရှိထားပြီလည်းဖြစ်သည်။

ထိုသို့သော အခြေအနေများအတွင်း ရှေ့ဆက်ရမည့်ခရီးတွင် အနာဂတ်ကိုထုဆစ်ကြရမည့် မွန်လူငယ်ထုအကြား သမိုင်းနှင့် မျိုးဆက်ပြတ်မှု ဖြစ်ပေါ်နေခြင်းအပေါ် မွန်နိုင်ငံရေးခေါင်းဆောင်အချို့၏ စိုးရိမ်ပူပန်မှုများကိုလည်းကြားနေရ၏။

ပေါင်းစည်းထားသောပါတီသစ်၏ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမကတော့ မွန်လူငယ်များနိုင်ငံရေးစိတ်ဝင်စားလာ စေရန် လူငယ်များကို နည်းမှန်လမ်းမှန်သင်ပြရန်လိုသည်ဟု ထောက်ပြပါသည်။

“လူငယ်ဆိုတာက လောလောဆယ်လေ့လာမှုတွေ အားနည်းနေတယ်၊ သမိုင်းကြောင်းတွေကို သိရှိခွင့်ကလည်း အခုမှ ပေါ်လာတဲ့အခါကျတော့ သူတို့ မသိတတ်သေးတာလည်းရှိကောင်းရှိမှာပေါ့၊ သို့သော်လည်းပဲ နိုင်ငံရေးအခမ်းအနားတွေနဲ့ နှစ်တိုင်းနှစ်တိုင်း ထိတွေ့လာတာရှိရင်တော့ တဖြည်းဖြည်းနဲ့ မွန်တော်လှန်ရေးအကြောင်း အဓိပ္ပာယ်ကို သိလာမှာပေါ့” ဟု ၎င်းက ပြော၏။

ထို့အတူ “ဖက်ဒရယ်သွားဖို့ဆိုတာက ကျွန်တော်တို့တိုင်းရင်းသားတစ်မျိုးတည်းနဲ့သွားလို့မရဘူး နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအားလုံးအတူလက်တွဲပြီးမှပဲ ဖက်ဒရယ်ရည်မှန်းချက်ဆီရောက်မှာဖြစ်တဲ့အတွက် တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရမယ်ဆိုတဲ့အ တွေးအခေါ်အားလုံး လူငယ်ထဲမှာ ရှိလာအောင် ပြသပေးဖို့လိုတာပေါ့” ဟူ၍လည်း နိုင်လယိတမက ထောက်ပြသည်။

အနာဂတ်မှာ

မွန်နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် နိုင်ရဲဇော်ကမူ တော်လှန်ရေးပန်းတိုင်ဆီသို့ သွားရဦးမည့်ခရီးတွင် ပြီးခဲ့သော ကာလ၌ မွန်တော်လှန်ရေးနေ့၌ မည်သည့်အရာများ အဘယ်ကြောင့် အောင်မြင်ခဲ့ပြီး အချို့အရာများမှာမူ မည်သည့် အတွက် ကြောင့် မအောင်မြင်ခဲ့ ဟူသော သင်ခန်းစာကို ဖော်ထုတ်ပေးခြင်းဖြင့် အနာဂတ်မွန်လူငယ်တို့အတွက် အကျိုးဖြစ်စေနိုင်မည် ယုံကြည်ကြောင်း အကြံပြု၏။

“နိုင်ငံရေးအခင်းအကျင်းမှာလူငယ်တွေပါဝင်သင့်သလို သူတို့ပါဝင်မှုကို တိုးမြှင့်ပေးရင် ပိုပြီးစိတ်ဝင်စားလာမယ် ။ သူတို့အတွက် ဘယ်နေရာမှာမှ ပါဝင်ခွင့် ဝင်ရောက်ခွင့်၊ဆွေးနွေးခွင့်၊လှုပ်ရှားခွင့်၊ တွေးတောခွင့် မရှိဘူးဆိုရင် သူတို့ဆီက စိတ်ဝင်စားမှုနည်းမှာပဲ သူတို့အတွက် အဲ့ဒါကို ဖန်တီးပေးသင့်တယ်” ဟုလည်း ၎င်းက ပြောသည်။

အဆိုပါအယူအဆကို နိုင်ငံရေးတက်ကြွသူ မွန်လူငယ်တစ်ဦးဖြစ်သည့် မိစန္ဒာမွန်ထံမှလည်း ကြားခဲ့ရ၏။ “လူငယ်တွေ သမိုင်းကြောင်းသိရင် ဘာကြောင့်တော်လှန်ရတယ်ဆိုတာ လူမျိုးအတွက် အကျိုးအများကြီးဖြစ်စေပါတယ် ဘာလို့ဆို လူငယ်ဆိုတာ နောင်တစ်ချိန် အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာမယ့်သူတွေဖြစ်လို့ပါ” ဟူ၍ဖြစ်သည်။

ထို့အတူ မွန်ပြည်နယ်အတွင်း ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုကြောင့် ပြည်ပထွက် အလုပ်လုပ်နေရသည့် အခြေအနေတို့သည် မွန်လူငယ်တို့၏ နိုင်ငံရေးစိတ်ပါဝင်စားမှုရေချိန်ကို လျော့ကျနေ သည်ဟုလည်း ၎င်းက ထောက်ပြ၏။

အနာဂတ်အခြေအနေတို့နှင့် စပ်လျဉ်းသည့် မိစန္ဒာမွန်၏ မှတ်ချက်မှာ “မွန်တိုင်းရင်းသားတွေတန်းတူအခွင့်ရေးရ ဖို့လူငယ်တွေအများကြီးကြိုးစားရဦးမယ်” ဟူ၍။

သက်ပိုင်၊ ဂေထော၊ ထိုက်ထိုက်

Leave a Reply