မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့်တွေ့ဆုံခြင်း

ယခင်အစိုးရ လက်ထက်က ရပ်ဆိုင်းထားခဲ့သော ဧရာဝတီမြစ်ဆုံစီမံကိန်းကို ယခု အစိုးရလက်ထက်တွင် ပြန်လည်စတင်ရန် သင့်မသင့်အတွက် အစိုးရက စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ကို ဖွဲ့စည်းထားပြီးဖြစ်သည်။ အဆိုပါ ကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် မြစ်ဆုံစီမံကိန်း ကန့်ကွက်ခြင်းလှုပ်ရှားမှု ဦးဆောင်သူ တစ်ဦးဖြစ်သည့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်၏ သုံးသပ်ချက်များကို ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ရပါသည်။
bain-copy
ဟင်္သာမီဒီယာ ။ ။ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တဲ့ ကမ်ပိန်းကိုဘာကြောင့်လုပ်ရသလဲ။
Dr.TL ။ ။ ခံစားချက်ပေါ့နော်၊ ဧရာဝတီမြစ်ပေါ်ထားတဲ့မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ခံစားချက်အရဆိုရင်လည်းပါတယ်၊ နောက် Technicalနည်းပညာအရလည်း ဆည်ဆောက်တဲ့ လုပ်ငန်းတွေမှာဆည်တွေက သုံးမျိုးလောက် ခွဲလို့ရတယ်၊ ဒီဆည်သေးရယ်၊ဆည်လတ်ရယ်၊ ဆည်ကြီးရယ်၊ ဆည်ကြီးဆိုတာက Mega Dam ခေါ်တာပေါ့ Mega Dam ဆိုတာနိုင်ငံတကာက သတ်မှတ်ထားတာတော့ ဆည်ရဲ့အမြင့်က၁၅ မီတာ၊ ပေ ၅၀ အထက်မြင့်ရင် ဆည်ကြီးတမံပေါ့၊ အခုမြစ်ဆုံမှာ ဆောက်မယ့်ဆည်ကြီးက၄၉ မီတာတောင်မြင့်တယ်ဆိုတော့ Mega Dam ကြီးပေါ့။
အဲ့တော့ Mega Dam တွေကကမ္ဘာပေါ်မှာမကြာသေးဖူး သုတေသနလုပ်ထားတာ Oxford University ကလုပ်ထားတာ။ဒီ ၂၀၁၄-၂၀၁၅ မှာလုပ်ထားတာအကျိုးမရှိဘူး၊နောက် ပျက်စီးဆုံးရှုံးမှုတန်ဖိုးက အလွန်များတယ်၊ ပတ်ဝန်းကျင်ထိခိုက်မှုအလွန်များတယ်၊ နောက်မြစ်တွေကိုတိမ်ကောသွားစေတယ်။ နောက် လူတွေရဲ့စားဝတ်နေရေးကိုထိခိုက်စေတယ်၊ပတ်ဝန်းကျင် ယိုယွင်းမှုဖြစ်တယ်၊ စသဖြင့် အဖြေက လောလောဆယ် ထွက်တာတော့ နည်းပညာအရ လည်းဒီဆည်ကိုမထောက်ခံဘူးနော်။
မြစ်အနေနဲ့လည်း ဘယ်လိုမှအစားထိုးလို့မရတဲ့မြန်မာနိုင်ငံရဲ့အသက်သွေးကြော မြစ်ကြီးဖြစ်တဲ့အတွက် ဒီဆည်ကြီးဆောက်ရင် ဒီမြစ်ကြီးထိခိုက်မယ်၊ဒီမြစ်ကြီးထိခိုက်ရင် ဒီတိုင်းပြည် ဒီလူမျိုးတွေလည်းထိခိုက်မယ်ဆိုတာကိုယုံကြည်တယ်၊ အဲ့ဒါကြောင့် ဖြစ်တဲ့နည်းနဲ့ ဒီဆည်ကိုဆရာတို့ Myanmar Green Network ဆိုတာကို ဖွဲ့လိုက်ပါတယ်။ ဒီအဖွဲ့ကို အကြိမ်ကြိမ် အစည်းဝေးတွေ ခေါ်ပြီးတော့ ဆရာတို့Myanmar Green Network ရဲ့ရပ်တည်ချက်ကတော့ ဒါတွေကို ကန့်ကွက်ဖို့ပေါ့နော်၊ တစ်ခါအခု ဆန္ဒခံယူပွဲသဘောမျိုးလုပ်တာကတော့ Green Network အနေနဲ့လုပ်တာပါပဲ၊ ဒီမြစ်ဆုံ ဆည်နဲ့ပတ်သက်ပြီးတော့ သမ္မတကနေပြီးတော့ မြစ်ဆုံကော်မရှင် ဆိုတာဖွဲ့ပေးထားတယ်။
အဲ့ဒီဖွဲ့ပေးတဲ့အခါမှာသမ္မတရဲ့လမ်းညွှန်ချက်တွေထဲမှာအချက်တစ်ချက်ကလူထုရဲ့သဘောဆန္ဒကို ဒါဆန်းစစ်ရမယ်၊ ဟုတ်လား ဒီလေ့လာပြီးတော့ ဖော်ပြရမယ်လို့ပါတယ်။ လူထုဆန္ဒဆိုတဲ့အချက်က တော်တော်အရေးကြီးတဲ့အချက်ဖြစ်တယ်။ ဒါပေမယ့်လို့ မြစ်ဆုံကော်မရှင် အနေနဲ့ လူထုဆန္ဒနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်တဲ့နေရာမှာဘာမှသိပ် ထဲထဲဝင်ဝင် သိပ် မရှိဘူးပေါ့နော်။ဆရာမတွေ့တာပေါ့နော်။ အဲ့တော့ လူထုသဘောထား ဘယ်လိုရှိတယ်ဆိုတာကို သက်ဆိုင်တဲ့တာဝန်ရှိတဲ့သူတွေလည်းသိဖို့ပေါ့နော်၊ ဘာကြောင့်လည်းဆိုတော့ ဆရာတို့ Myanmar Green Network ဆိုတဲ့အဖွဲ့က NGO လည်းမဟုတ်ဘူး၊ Political ပါတီလည်းမဟုတ်ဘူး။ တကယ့်ပညာရှင်တွေနဲ့ ဖွဲ့ထားတဲ့ဒီ Non-Profit Organization ပဲနော်၊ဒီအဖွဲ့မှာက ဆောင်ပုဒ်က ဘာလဲဆိုရင် နိုင်ငံတော်အစိုးရကိုဝန်းရံရမယ်ပေါ့၊ ဝန်းရံတဲ့နေရာမှာ Check and Balance လို့ခေါ်တဲ့အလုပ်ကိုလုပ်ပေးရတယ်။
Check and Balance ဆိုတာအစိုးရလုပ်ဆောင်ချက်တွေကို Check လုပ်မယ်၊ တိမ်းစောင်းနေရင် Balance လုပ်ပေးမယ် ဆိုတော့ ဒီရည်ရွယ်ချက်အရ မြစ်ဆုံဆည်ဆောက်ခြင်းမှာကောင်းကျိုးဆိုးကျိုးနှစ်လီမှာဆိုးကျိုးတွေ ဘယ်လိုရှိတယ်။ လူထုသဘောထား ဘယ်လိုရှိတယ်ဆိုတာကိုသမ္မတရောနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရော နောက်ပြီးတော့ မြစ်ဆုံကော်မရှင်ရော သိဖို့လိုတယ်၊ သိလည်းသိဖို့သူတို့လုပ်နေတဲ့အခါမှာ အထောက်ကူပြုဖို့ ဒီလုပ်ငန်းကိုလုပ်တာပါ။

ဟင်္သာမီဒီယာ ။ ။ ဒီလိုဆန္ဒလက်မှတ် ကောက်ခံပြီးရင်ရော ရှေ့ဆက်ဘာတွေထပ်လုပ်သွားဖို့ရှိလဲ။
Dr.TL ။ ။ အဲ့တာကနဂိုကတည်းက Myanmar Green Network က ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈၊ ၂၉၊ ၃၀ သုံးရက်၊နှစ်ပတ်လည် အစည်းဝေးလုပ်တဲ့အခါမှာ အမှန်ကတော့ ဒီဇင်ဘာလမှလုပ်မလို့၊ ဒါပေမယ့် ဒီနိုဝင်ဘာလ ၁၀ ရက်မှာကော်မရှင်ကအစီရင်ခံစာတင်မယ်ဆိုတော့ ကော်မရှင်အမီပေါ့၊ အဲ့လိုလုပ်ဖို့အတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးမှာ လောလောဆယ် ဘာတွေအရေးကြီးဆုံးလဲဆိုတဲ့ကိစ္စကိုကြည့်တဲ့အခါမှာ မြစ်ဆုံက အရေးကြီးဆုံးဖြစ်နေတယ်။ ဆရာတို့လုပ်တာက ငါးနှစ်ရှိနေပြီ ငါးနှစ်မှာ သူ့နေရာနဲ့သူပေါ့နော်၊ ဥပမာကျောက်မီးသွေးနဲ့ပတ်သက်ရင် ဆရာတို့ ကလောမှာလုပ်ခဲ့တယ်။ တည်ကျစ်ကျောက်မီးသွေးစက်ရုံနော်၊ ဒီနှစ်မှာတော့မြစ်ဆုံကိုရွေးလိုက်တယ်။
ရွေးပြီးတော့ ကော်မရှင်အတွက် အထောက်အကူပြုဖို့အတွက် ကော်မရှင် မတင်မီပေါ့ နိုဝင်ဘာ ၁၀ ရက် မတင်မီပေါ့ ဆရာတို့က အောက်တိုဘာ ၂၈၊ ၂၉၊ ၃၀ ကိုလုပ်တယ်၊ လုပ်ပြီးရင်ဆွေးနွေးမယ်ပေါ့ ဒီဆွေးနွေးတဲ့အဖွဲ့မှာ ပညာရှင်တွေပါမယ်၊ ဒေသခံတွေပါမယ်၊ CSO လို့ခေါ်တဲ့ အဖွဲ့စည်းတွေပါမယ်။ပြီးတော့ ကချင်ပြည်နယ် အစိုးရပါမယ်၊ ကချင်ပြည်နယ်မှာရှိတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းတွေပါမယ်။ အဲ့တော့ဒီကရလာတဲ့ရလာဒ်ကို ဆရာတို့က စောစောကပြောတဲ့ နိုင်ငံတော်သမ္မတရယ်၊ နိုင်ငံတော်အ တိုင်ပင်ခံရယ်၊ မြစ်ဆုံကော်မရှင်ရယ်၊ဆရာတို့ကနဂိုကတည်းက ပေးဖို့ရည်ရွယ်ချက်ရှိတယ်။
အဲ့တော့ ပေးတဲ့ထဲမှာဒီဟာကို ထည့်လိုက်ပြီပေါ့နော် ဆရာတို့က ၅ ရက်နေ့ နောက်ဆုံးထားပြီးတော့ အစီရင်ခံစာမှာထည့်သွင်းပေးလိုက်တယ်၊အဲ့ဒီအချိန်ခါမှာ ဆန္ဒပြုတဲ့သူပေါင်းနှစ်သိန်းနှစ်ထောင်ပေါ့နော်၊အဲ့ဒီ နှစ်သိန်းနှစ်ထောင်စာရင်းကို ဒါဘယ်နေ့ထိရပါတယ်။ ဆိုပြီးတင်လိုက်တယ် ဒါပေမယ့် ဆရာကတော့ ဆက်လက်ပြီးတော့ ဆန္ဒပြုလက်မှတ် ကောက်ခံနေဆဲပဲ။ ဘာလို့လည်းဆိုရင် ဒီကိစ္စက ဒါ သန်းချီပြီးတော့ရနိုင်တဲ့ကိစ္စလေ။ သိတဲ့အတိုင်းပဲဆရာတို့က ဒီဖေ့စ်ဘုတ်တို့ အင်တာနက်တို့ဆိုတာကသာမာန်ပြည်သူတွေက သိပ်မသုံးနိုင်ဘူး၊ဆန္ဒအမှန်ရဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့တော့လိုတာပေါ့။ သို့သော်ဘာပဲပြောပြော ဘာမှမလုပ်သေးတဲ့ကာလတစ်ခုမှာအတိုင်းတာတစ်ခုထိလုပ်ပါတယ်။ အလွယ်တကူလည်းဖေ့စ်ဘုတ်ကရနိုင်တယ်၊ သိတဲ့အတိုင်းပဲဖေ့စ်ဘုတ်ရဲ့သဘာဝက မဲကို နှစ်ခါပေးတာသုံးခါပေးတာလည်း လုပ်လို့မရဘူးဆိုတော့ ဆရာတို့ကအဲ့ဒါလေးကိုလုပ်တာဒီရမယ့် ရလဒ်တွေကဆရာတို့ရဲ့ စေတနာမှာပါသွားပါတယ်။

ဟင်္သာမီဒီယာ ။ ။ မြစ်ဆုံနဲ့ပတ်သက်ပြီးအခုလိုဆန္ဒလက်မှတ်ကောက်ခံတာ ဘယ်လောက်ထိအကျိုးသက်ရောက်မှုရမယ်လို့ထင်ပါသလဲဆရာ။
Dr.TL ။ ။ သူ့အချက်ကတစ်ချက်ရှိတယ်လေ၊ပြည်သူ့ရဲ့ဆန္ဒကိုဆန်းစစ်ပါဆိုတော့ ပြည်သူ့ဆန္ဒကိုမဆန်းစစ်ဘဲဘယ်လိုလုပ် ပြည်သူ့ဆန္ဒကိုသူရေးမလဲ၊ မဟုတ်ဘူးလား။ အဲ့့တော့ ပြည်သူဆန္ဒဆိုတဲ့ အခန်းကဏ္ဍမှာ ရေးမယ်ဆိုရင်တော့ ဒါမျိုးတွေက သူတို့ ကိုးကားရမှာပေါ့ မဟုတ်ဘူးလား နောက်တက်လာတဲ့အစိုးရက သိတဲ့အတိုင်းပဲ၊ တက်လာကတည်းကိုက ပြည်သူကိုအဓိကထားမည်၊ ပြည်သူ့ဆန္ဒ ဖော်ထုတ်မယ့် အစိုးရလို့ ပြောနေတာ မဟုတ်ဘူးလား။
လွှတ်တော်ကလည်း ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒလို့ ကြေငြာထားတာလေ၊ အဲ့တော့ ဒါကတကယ်လိုအပ်တဲ့ကိစ္စပဲ၊ Main ပဲလေ၊ အဲ့ Main ကိုမှ ဘယ်သူ့မှာမှ ဟုတ်တိပတ်တိမလုပ်ကျတာကိုး။ ဒါ လိုအပ်ချက်ကို ဝင်ဖြည့်ပေးတဲ့ သဘောပဲ။ ဆရာတို့ကCheck and Balance လုပ်တယ်ဆိုတာဒါပဲလေ၊ ဆရာတို့ကဘယ်ဘက်မှပါအောင်လုပ်တာမဟုတ်ဘူး။

ဟင်္သာမီဒီယာ။ ။ မြစ်ဆုံစီမံကိန်းဆောက်လုပ်ခဲ့ရင်ဖြစ်လာမယ့်အကျိုးဆက်တွေကဘာတွေ ဖြစ်မလဲဆရာ။ လက်ရှိရောအနာဂတ်မှာရောပေါ့။
Dr.Tl ။ ။ အကောင်ထည်ဖော်ခဲ့မယ်ဆိုရင်တော့ နံပါတ်တစ် တိုင်းပြည်ရဲ့ လက်ရှိဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးကိစ္စတွေပျက်ပြားမယ်၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုတွေပျက်ပြားစေမယ်၊ ရွာပေါင်း ၄၉ ရွာပြောင်းရွှေ့ရမယ်၊ ဧရာဝတီမြစ်ရဲ့အနာဂတ်က မသေချာဖြစ်မယ် ဧရာဝတီမြစ် မြစ်ကောကြီးဖြစ်သွားမယ်၊ စားဝတ်နေရေးတွေထိခိုက်၊မြစ်ဝကျွန်းပေါ်ဒေသကြီးက တဖြည်းဖြည်းနဲ့ကျုံ့လာမယ်၊ ဆားငန်ရည်တွေပိုဝင်လာမယ် ပျက်သွားမယ်၊ အဲ့ဒီကနေ စပါးအထွက်တွေ လျော့လာမယ်၊ နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာလုံခြုံမှုတွေထိခိုက်လာမယ်၊ ပြောရင်တော့ အများကြီးပဲ၊ ပျက်စီး တာတွေက ဒါတွေက စိတ်ကူးယဉ်ပြီးပြောနေတာမဟုတ်ဘူး။ ဖြစ်နေတဲ့အရာတွေ ဥပမာ-တရုတ်ပြည်မှာ ဆည်ကြီးတွေ ဆောက်တယ် အဲ့လိုဆောက်တဲ့အတွက် အခုတရုတ်ပြည် ဘာဖြစ်နေလဲ။ ဟိုတလောကပဲသတင်းတွေထွက်လာတယ် အောက်မှာ ရေကြီးတာတွေဖြစ်လာတယ် မိုးခေါင်တာတွေရော အကုန်ခံစားနေရတယ်။
မဲခေါင်မြစ်ပေါ်မှာတရုတ်ကဆည်ပေါင်း ၄၉ ခုဆောက်ထားတယ်။ အောက်ကတိုင်းပြည်တွေဟုတ်လားလာအိုတို့၊ထိုင်းတို့၊ဗီယက်နမ်တို့၊နောက်ပြီးကမ္ဘောဒီယားတို့ ပြီးခဲ့တဲ့နှစ်ကပူပြင်းခြောက်သွေ့တဲ့ အယ်နီညိုဖြစ်တော့ မိုးနည်းတော့ အဲ့နိုင်ငံတွေအကုန်ဒုက္ခရောက် ကုန်တယ်။ ဒါတွေကမျက်စိအောက်မှာမြင်နေတဲ့ အရာတွေပဲလေ ဆောက်ရင်တော့ အဲ့ဒီဒုက္ခတွေကို လက်ယပ်ခေါ်နေတာပဲဟုတ်လား၊ အစောက ပြောတဲ့ Dam ကိုအလေးနက်ပြောရင်တော့ Mega Dam ဆိုတာကမ္ဘာပေါ်မှာအနာဂတ်မရှိတဲ့နည်းပညာပဲဒီနေရာမှာDamကိုနားလည်ပေးပါ၊ Small Dam, Medium Dam, Mega Dam ဆိုပြီးသုံးမျိုးရှိတဲ့ထဲမှာဆရာတို့က Mega Dam ကိုကန့်ကွက်တာ မြစ်အနေနဲ့ကတော့ ဧရာဝတီမြစ်ကို ကန့်ကွက်တာ။

ဟင်္သာမီဒီယာ။ ။ အကယ်၍ဒီစီမံကိန်းကို ရပ်လိုက်မယ်ဆိုရင် တစ်ဖက်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုတုံ့ပြန်မှုတွေရှိလာနိုင်မလဲ။
Dr.TL ။ ။ ဒါကတော့ သူတို့ဘာသာ သူတို့ရှင်းရမှာပေါ့ဗျာဟုတ်လား၊ တစ်ဖက်က ဘာတုံ့ပြန်လာမလဲဆိုတာကိုပြောရအောင်လည်းစာချုပ်ကဘာချုပ်ထားမှန်းလဲဘယ်သူမှ မှမသိတာ။အခုချိန်ထိမသိရသေးဘူးအဲ့တော့ ဥပဒေပညာရှင်တွေပါတယ်၊ ဒို့မြစ်ဆုံမှာအဲ့ဥပဒေ ပညာရှင်တွေရဲ့ပြောကြားချက်အရတော့ ဒီစာချုပ်မှာ ဥပဒေရေးရာအရမညီညွတ်တဲ့အချက်တွေ ပါကိုပါရမယ်။ အဲ့ဒီ အချက်တွေပါလာခဲ့လို့ရှိရင် စာချုပ်ကဥပဒေအရပျက်ပြယ်ပြီးသားပဲလေ၊ ဥပမာဒီစာချုပ်ကဘယ်လိုလုပ်ထားလဲ မရိုးသားတွေ အများကြီးပါသလား၊စာချုပ်အင်္ဂါရပ် ညီသလား၊ ဒါတွေကိုကြည့်ပြီးရင်တော့ ဒီစာချုပ်က ဘယ်လောက် အလေးအပေါ့ညီသလဲပြောနိုင်မှာပေါ့ ဟုတ်လား။
အခုပြည်သူ တစ်ယောက် အနေနဲ့ ပြောရရင် စာချုပ်ကဘာမှန်းမှ မသိတာ၊ တို့ကတော့ ဒီစာချုပ်မှာအားနည်းမှုတွေ အများကြီးရှိတယ်ဆိုတာသေချာပေါက်သိတယ်။ နောက်ပြီးတော့လည်း ဆရာ့အမြင်နဲ့ ပြောရရင်တော့ စာချုပ်တင်မကဘူး တို့ဟာကြီး တစ်ခုလုံးကို လျော်ဖို့နေနေသာသာ တို့ကတောင် ပြန်ပြီးအလျော်တောင်းဖို့ သင့်တယ်လို့ထင်တယ်၊ ဘာကြောင့်လည်းဆိုရင် ဒီလုပ်ငန်းကြီးတစ်ခုကို လုပ်တဲ့အခါမှာမူလပထမ လုပ်ရမယ့်အလုပ်က EIA တို့၊ SIA တို့ လုပ်ရမှာအခုလုပ်ထားတဲ့ EIA ကတကယ့်ကိုစံမမီ၊ ပေမမီ ဟုတ်လားကချော်ကချွတ် အချိန်ငါးလလောက်နဲ့ ဖြစ်ကတတ်ဆန်း EIA လေ၊ နိုင်ငံတကာကလည်းမထောက်ခံဘူး၊ ပြည်တွင်းကပညာရှင်တွေကလည်း မထောက်ခံဘူးအဲ့တော့ ဒီအလုပ်လုပ်ခြင်းအားဖြင့် ဒီမှာ ဘယ်လောက် ထိခိုက်မယ်ဆိုတာသေချာမစမ်းစစ်ထားဘဲနဲ့ ဒီမြေကြီးပေါ်မှာ ဒါကြီးဆောက်တယ်ဆိုတာ တကယ်တော့ စဉ်းစားကြည့်ရင်တော့ တော်တော်ကြီးကို မလုပ်သင့်တဲ့ကိစ္စဘဲလေ၊ အဲ့လိုကနေစပြီးတော့ ဥပဒေရေးရာအရ ပြောမယ်ဆိုမယ်ဆိုရင်တော့ပြောစရာဆိုစရာတွေ ပြည်သူလူထုဘက်က အများကြီးရှိပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဆရာကမိုးလေဝသပညာရှင်ဖြစ်တဲ့အတွက် ဒါတွေနဲ့ မသက်ဆိုင်ဘဲ ဒါတွေ လုပ်နေတယ်ဆိုပြီး အသံတွေထွက်နေတဲ့အပေါ် ဆရာဘာများ တုံ့ပြန်ပြောချင်ပါလဲ။
Dr.TL ။ ။ နားမလည်လို့ပြောတာပါ နားမလည်လို့ပြောတာ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီမြစ်ဆုံဆည်ကိုအနာဂတ်ကိုတွက်ဆတဲ့အထဲမှာရာသီဥတုဆိုတဲ့ အခန်းကဏ္ဍက အများကြီးပါတယ်။ မြန်မာပြည်မှာ အဲ့ဒါခက်တာ မြန်မာပြည်မှာခက်တာပေါ့၊ အဲ့ဒါကိုလုပ်ချင်တဲ့သူတွေက မိုးလေဝ သပညာရှင်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်တာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ မိုးလေဝသနဲ့ ဘာများကွဲပြားလို့လဲ၊ ရာသီဥတုပြောင်းလဲခြင်းဆိုတာ သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုကဖြစ်တာတွေ၊ဒါအလွန်ဆက်စပ်တဲ့ဘာသာရပ်တွေ ဒီအခုလုပ်နေတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နိုင်ငံတကာလုပ်နေတဲ့ ဟုတ်လား။ ဒီနှစ်စဉ်နှစ်တိုင်းလုပ်နေတဲ့ ဒီရာသီဥတုပြောင်းလဲခြင်းတို့၊ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ UNEP တို့ WMO တို့ဆိုတာရာသီဥတုပြောင်းလဲခြင်းကို ပူးတွဲပြီးလုပ်နေတာ။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်းကို လျော့ပါးအောင် လုပ်တဲ့နေရာမှာအဓိကလုပ်တဲ့အဖွဲ့က UNEP နဲ့ WMO ။
UNEP ဆိုတာ United Nation Enveroment Program ဆိုတာပတ်ဝန်းကျင်ထိန်းသိမ်းရေး WMO ဆိုတာ World Meteorological Organization ကမ္ဘာမိုးလေဝသ၊ဒီနှစ်ခုပေါင်းပြီးလုပ်နေတယ် ဆိုကတည်းကဒီနှစ်ခုကကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုတာဒါနားလည်တဲ့သူတိုင်းသိပါတယ်။ အဲ့လိုပြောရင် ပြောတဲ့သူကနားမလည်လို့ပါနော် နားမလည်လို့ပါ။ ဒီမှာလုပ်တဲ့အလုပ်ကဘာနဲ့ ပတ်သက်လဲ။ရေနဲ့ပတ်သက်တယ်၊ ရေတိုင်းတဲ့အလုပ်ကိုမြန်မာပြည်မှာဘယ်သူကလုပ်လဲ၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလုပ်တာမဟုတ်ဘူးလား။ ဇလဗေဒဆိုတာရေတိုင်းတာ၊ အဲ့တော့ အဲ့မှာညွှန်ချုပ်လုပ်လာတဲ့သူတစ်ယောက်ကိုမသက်ဆိုင်ဘူးလို့ပြောရင် ပြောတဲ့သူက တော်တော် ပိန်းတဲ့သူပဲ၊ နားမလည်တဲ့သူဘဲ ၊ နားမလည်လို့ပြောတာပါ။

ဟင်္သာမီဒီယာ ။ ။ ဆရာတို့ Myanmar Green Network မှာဘယ်သူတွေပါလဲဆရာ။
Dr.TL ။ ။ အများကြီးပါပဲဥက္ကဋ္ဌကတော့ ဒေါ်ဒေဝီသန့်စင် ပညာရှင်တော်တော်များများပါတယ်။ ဘက်စုံကဥပဒေပညာရှင်၊ ဓာတ်သတ္တုပညာရှင်၊ စိုက်ပျိုးရေးထိန်းသိမ်းရေး၊ သစ်တော၊ နောက် မိုးလေဝသပေါ့နော် တော်တော်များများ ပါပါတယ်။ အထူးသဖြင့် အငြိမ်းစားအရာရှိတွေပေါ့၊ အဖွဲ့အစည်းနာမည် အတိအကျသိချင်ရင် အဲ့မှာသွားမေးလို့ရပါတယ်။

ဟင်္သာမီဒီယာ ။ ။ ဆရာ အခုမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
Dr.TL ။ ။ မြစ်ဆုံစီမံကိန်းကတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တာဝန်ရှိတဲ့အပိုင်းရယ်၊အတတ်ပညာနဲ့ ပတ်သက်ပြီးတော့ ရာသီဥတု ပြောင်းလဲခြင်းနဲ့ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားထားတဲ့အထဲမှာ ရာသီဥတုဆိုတဲ့အချက်ကို လုံးဝမပါဘဲနဲ့လုပ်နေတာမဖြစ်သင့်ဘူး။ အခုဆောက်မယ့် မြစ်ဆုံဟာ ရေကာတာဆောက်မှာရေကာတာဆောက်မယ့်ကိစ္စမှာရေနဲ့ပတ်သက်တဲ့ကဏ္ဍက ပါကိုပါရမယ်၊ ဒါပေမယ့်မိုးလေဝသဌာနမှာ ဇလဗေဒဌာနမှာညွှန်ချုပ်လုပ်လာတဲ့သူ အနေနဲ့ပြောရရင် ဧရာဝတီမြစ်မှာ ရေတိုင်းတဲ့အလုပ်လုပ်လာတာ မြောက်ဘက်အရောက်ဆုံးမှာ မြစ်ကြီးနားပဲ မြစ်ကြီးနားအထက် ဘာမှမရှိဘူး။ ဘာမှတ်တမ်းမှလည်း မရှိဘူး၊ ဘာတိုင်းတာမှလည်း မရှိဘူး၊ အဲ့တော့ ဘာမှတ်တမ်းဘာအတိုင်းတာမှလည်းမရှိဘဲနဲ့ ဘယ်လိုဒီဇိုင်းဆွဲပြီးဘယ်လိုဆုံးဖြတ်ခဲ့ကြတာလဲ။ လွဲမှားစရာအများကြီးပဲ။
နောက်ပြီးတော့ မေခ၊ မလိခကရေကို သုံးပြီးလုပ်မယ်ဆိုတော့ မေခ၊ မလိခက ဘယ်ကလာသလဲ၊ သူက ဟိမဝန္တာက ရေခဲမြစ်ကနေပြီးတော့လာတာ၊ ဟိမဝန္တာအခုဘာဖြစ်နေလဲ။ ဟိမဝန္တာရဲ့အနာဂတ်ကဘယ်လိုရှိလဲ၊ အခု Global Warming ဖြစ်နေလို့ ဟိမဝန္တာရေခဲတွေဒီလောက်အရည်ပျော်နေတာ၊ ဒီအရည်ပျော်တဲ့အတွက် ဒီမြစ်ဆုံမှာရေကနှစ်မျိုးပဲဖြစ်မယ်။ ပထမပိုင်းမှာ ရေသိပ်များမယ် ရေကြီးမယ် နောက်ပိုင်းကျတော့ရေမထွက်တော့တဲ့အတွက် မိုးခေါင်သွားမယ်။
အဲ့ဒီမြစ်ဆုံတာကြီးဟာ ရေကြီးလည်းပြဿနာ၊ မိုးခေါင်လည်းပြဿနာ၊ တစ်ခါပြဿနာဖြစ်လို့ တစ်စုံတစ်ခုချို့ယွင်းလို့ တစ်စုံတစ်ခု ယိုယွင်းပြီဆိုရင် ဖြစ်ပေါ်လာမယ့် သဘာဝဘေးဟာ ကြောက်ခမန်း လိလိပဲ။ သူက ရေအပြည့်ရှိရင် အမြင့်က မီတာ ၅၀ဝ လောက်ရှိတယ် အကျယ်ကစင်္ကာပူနိုင်ငံလောက်ရှိတယ်။အဲ့ဒီ ရေကာတာကြီးကငလျင်အလွန်လှုပ်တဲ့ဒေသမှာရှိတယ်။သူတို့ဟာသူတို့ ဘယ်လိုပဲ အန္တရာယ်နည်းနည်း ဘယ်လိုပဲပြောပြော၊ အဲ့ဒီလုပ်ငန်းကိုဘယ်သူက တာဝန်ယူမှာလဲ။ တကယ်ဖြစ်ခဲ့ရင် ဘယ်သူကတာဝန်ယူမှာလဲ၊ CPI ကတာဝန်ယူမှာလားနော်။နောက် အဲ့ဒါကိုလက်မှတ်ထိုးသွားတဲ့ ပုဂ္ဂိုလ်များတာဝန်ယူမှာလား။ အခုပဲ ဘယ်သူမှတာဝန်ယူမယ့်သူမရှိဘူး။ ဒါပေမယ့် သေမှာတော့ ဘယ်သူတွေ သေကြမှာလဲ။ အဲ့ဒီမြစ်ကြောတစ်လျှောက်မှာရှိတဲ့လူတွေ။ဒါ့အပြင် ဒီကနေအကျိုးအမြတ်တွေမရှိဘူး။

ဟင်္သာမီဒီယာ။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Written by – အောင်ကျော်ထွန်း

Leave a Reply