Advertisements

မန္တလေး၊ အောက်တိုဘာ ၄ ရက်။

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အမြန်ဆုံးထုတ်ပေးရေး အတွက် အောက်တိုဘာ ၄ ရက်၊ နံနက်(၁၀)နာရီဝန်းကျင်က အမျိုးသမီးတစ်ဦး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော် ခဲ့ကြောင်း သိရှိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် မြစ်သားမြို့၊ ဗိုလ်ချုပ်လမ်းတွင် နံနက်(၁၀)နာရီမှ မွန်းတည့်(၁၂)နာရီအထိ ပုံစံ(၇) အမြန်ဆုံး ထုတ်ပေးရေး၊ မသမာသောဝန်ထမ်းများအား ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရေး မြို့နယ်တာဝန်ရှိသူများက တောင်သူလယ်သမားများအား အကူညီပေးရေး စသည်တို့ကိုကြွေးကြော်ခဲ့ကြောင်း သိရသည်။

“လယ်မြေ(၅.၇၅)ဧကကို နှစ်ပေါင်း(၃၀)ကျော် လုပ်ကိုင်လာတာပါ။ ၂၀၁၃ ခုနှစ်မှာ လယ်ယာမြေလုပ်ကိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ရရှိဖို့ ပုံစံ(၁)နဲ့ ကျေးရွာအုပ်စုလယ်စီအဖွဲ့ထံမှာ လျှောက်ခဲ့ပါတယ်။ ကန့်ကွက်လွှာကြော်ငြာတာ တစ်လကျော်ကြာတဲ့အထိ ကန့်ကွက်တဲ့သူမရှိလို့ အစီအစဉ်တိုင်း ပုံစံ(၇)ထုတ်ပေးရမှာကို ပုံစံ(၁)နဲ့ အစကပြန် လျှောက်ပါလို့ တိုင်းဒေသကြီးမြေစာရင်းဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒါဆိုလွန်ခဲ့သော(၄)နှစ်က လျှောက်ခဲ့တဲ့ပုံစံ(၁) ဘယ်ရောက်သွားလဲမေးချင်ပါတယ်။”ဟု တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်သူ ဒေါ်ရွှေမိက ပြောသည်။

မြစ်သားမြို့ သပြေတောင်းကျေးရွာအုပ်စု ကွင်းအမှတ်(၅၃၅)၊ ဦးပိုင်အမှတ်(၅၂/၂)ရှိ လယ်မြေ(၅.၇၅)ဧကတွင် ဒေါ်ရွှေမိ၏ခင်ပွန်းဖြစ်သူ ဦးမင်းစိန်သည် နှစ်ပေါင်း (၃၀)ကျော်ကြာလုပ်ကိုင်နေပြီး ယင်းမြေသည် ခင်ပွန်း၏မိခင် ဒေါ်ငယ်၏အမည်ပေါက်ဖြစ်ကာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအသစ် ပေါ်ပေါက်လာရာ ၂၀၁၃ ခုနှစ် တွင် ပုံစံ(၇)ရရှိရေးအတွက် ပုံစံ(၁)ဖြင့် ကျေးရွာအုပ်စုလယ်ယာမြေစုံစမ်းစိစစ်ရေးအဖွဲ့ထံ လျောက်ထားခဲ့ရာ လက်ရှိအချိန်ထိ မရရှိသေးသောကြောင့် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် မြစ်သားမြို့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန(မြေစာရင်း)ရုံးရှေ့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)အား(၄)နှစ်ကြာသည်အထိ ထုတ်ပေးရန်ပျက်ကွက်နေမှုကို တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခြင်း စာသားပါဝင်သောဗီနိုင်းကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း သိရသည်။ 

Leave a Reply