Advertisements

မော်လမြိုင်၊ သြဂုတ် ၇

မွန်တစ်ပါတီတည်း ဖြစ်ရေးအတွက် သဘောတူညီချက် ငါး ချက် ရရှိခဲ့ပြီ ဖြစ်ကြောင်း ယင်းအရေးဆောင်ရွက်နေသူများက အတည်ပြုပြောဆိုသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ Royal Hinthar Hotel တွင် သြဂုတ် ၆ ရက်က ပြုလုပ်သော ဒုတိယအကြိမ် ပေါင်းစည်းရေး တွေ့ဆုံဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့က ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“နှစ်ပါတီရော ပြင်ပနိုင်ငံရေးအင်အားစု ၂၁ ဦးအဖွဲ့ပဲ ပြောပြော ဒီနေ့ရရှိခဲ့တဲ့ အခြေခံသဘောတူညီချက်က အဖွဲ့သုံးခုက တစ်ဖွဲ့ထဲဖြစ်ပြီလို့ ပြောလို့ရတယ်”ဟု ပေါင်းစည်းထားသော မွန်နှစ်ပါတီဖက်မှ တွဲဘက်အတွင်းရေးမှူး (၁) နိုင်စံတင်က ပြောသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပေါင်းစည်းထားသော မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီ (AMDP) နှင့် မွန်အမျိုးသားပါတီ (MNP) ပါတီတို့မှ တာဝန်ရှိသူများ၊ နှစ်ကြိမ်တိုင်ပြုလုပ်ခဲ့ပြီးသည့် မွန်နိုင်ငံရေးညီလာခံမှ ထွက်ပေါ်လာသောရလဒ်အရ ပြင်ပ နိုင်ငံရေးအင်အားစုအဖြစ် ရပ်တည်နေသည့် မွန်အမျိုးသားကိုယ်စားပြုပါတီတည်ထောင်လိုသူများ တက်ရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တွေ့ဆုံပွဲ၌ ပေါင်းစည်းမှုနှင့် မွန်တစ်ပါတီ ဖြစ်ရေး၊ အဆင့်အလိုက် ပါဝင်မှု အရေအတွက်၊ ပါတီအမည် ၁၃ ခုထဲမှ အများ ဆန္ဒဖြင့် တစ်ခုကို ရွေးချယ် အတည်ပြုရန်၊ တစ်ပါတီထဲပေါင်းစည်းရာတွင် ကျန်ရှိသောအင်အားစုများ ပါဝင်လာရေး၊ ကျန် ရှိသော အချက်အလက်များကို ဆက်လက် ဆွေးနွေးရန် စသည့် အချက် ငါးချက်ကို သဘောတူညီခဲ့ကြသည်။

“ဒီနေ့မှ သဘောညီမှုရရှိခဲ့တယ်၊ ဆက်ပြီး ဆွေးနွေးရဦးမယ် အတူတကွ လုပ်ဆောင်ရမယ်။ ဒါပေမယ့် ဒီနေ့က ကိုယ်စားလှယ်တွေပဲ သဘောတူခဲ့တာ အသေးစိတ်မချမှတ်ရသေးဘူး”ဟု မွန်အမျိုးသား ကိုယ်စားပြု ပါတီ တည်ထောင်လိုသူ (၂၁) အစုအဖွဲ့ ခေါင်းဆောင် နိုင်တလညီက ဆိုသည်။

ထို့အတူ မွန်အမျိုးသား ကိုယ်စားပြုပါတီ တည်ထောင်သူ ၂၁ ဦး အဖွဲ့မှ ပေါင်းစည်းရေး ကော်မတီအဖွဲ့ဝင် နိုင်ရဲဇော် က “ဆုံးဖြတ်ချက် ငါးချက် မှာ ကျွန်တော်တို့က ကျန်သွားမှာ စိတ်ပူတယ်။ အားလုံးပါဝင်နိုင်ရေးကို လိုလားတယ်။ အခုလုပ်နေတဲ့သူအားလုံးက မွန်မှာ နိုင်ငံရေးအင်အားစု၊ တစ်ဦးတစ်ဖွဲ့ကျန်ခဲ့တယ်၊ တစ်သီးပုဂ္ဂလ ကျန်ခဲ့တယ် မဖြစ်စေချင်ဘူး”ဟု ဆိုသည်။

ပေါင်းစည်းမှုကိစ္စ သဘောတူညီသွားနိုင်ခဲ့ခြင်းကြောင့် လာမည့် သြဂုတ် ၂၁ ရက်တွင် ပါတီအမည်သစ်ကို အတည်ပြု ဆုံးဖြတ် ခြင်းနှင့်အတူ ပါတီပေါင်းစည်းရေးအခမ်းအနားကိုပါ တစ်ပါတည်း ကျင်းပသွားရန် တာဝန်ရှိသူတို့ကစီစဉ်ထားကြသည်။

Written by ဂေထော

Advertisements
<

Leave a Reply