မွန်ပြည်နယ်အတွင်းရှိမြို့နယ်များတွင် အဝေးပြေးယာဉ်ရပ်နားစခန်းများ တည်ဆောက်သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

station

လက်ရှိ မွန်ပြည်နယ်တွင် မော်လမြိုင်မြို့၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အဝေးပြေးယာဉ်ရပ်နားစခန်းများ တည်ဆောက်ထားပြီး ကျန်ရှိနေသေးသည့် မြို့နယ်များတွင် အစိုးရသက်တမ်းငါးနှစ်အတွင်း ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ဆိုသည်။

“ကားဝင်း လုပ်လိုက်မယ်ဆိုတော့၊ ကားတွေ စနစ်တကျ ရပ်နားသွားနိုင်မှာပေါ့၊ လူဦးရေ တော်တော်များများ ကားနဲ့ပဲ မွန်ပြည်နယ်ကို လာကြတယ်၊ အဝေးပြေးကားတွေ စနစ်တကျနဲ့ ရပ်နားဖို့ကတကယ်လိုအပ်နေတယ် ”ဟု စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ဆိုသည်။

မွန်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး ခရီးသွားပြည်သူများလည်း များပြားသောကြောင့် ကားများ စနစ်တကျ ရပ်နားနိုင်ရန်အတွက် ယာဉ်ရပ်နားစခန်းများကို တည်ဆောက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“လက်ရှိအချိန်မှာ မြို့တိုင်းမှာ ကားဝင်းတွေက လိုအပ်နေတယ်၊ လှိုင်အဝေးပြေးကားဝင်းဆိုရင် ယာဉ်လိုင်းတွေ များလာတော့ ဝင်လို့ထွက်လို့ အဆင်မပြေတော့ဘူး၊ ကားဝင်းဆောက်တာတော့ ကောင်းပါတယ်”ဟု ပြည်နယ်ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ဆိုသည်။

ရေးမြို့နယ်ရှိ ယာဉ်ရပ်နားစခန်းကို ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ဆောက်လုပ်ခဲ့ပြီး စက်တင်ဘာလ၁၅ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ကြောင်း အစိုးရအဖွဲ့ရုံးမှသိရသည်။

Leave a Reply