မွန်ပြည်နယ်လွှတ်တော်သို့ ပြည်သူများက တိုင်ကြားထားသည့် တိုင်ကြားစာ ၃၂၃စောင်ရှိသည့်အနက် ၁၈၉ စောင်ကို ဖြေရှင်းထားကြောင်း တိုင်ကြားစာနှင့် အသနားခံစာ၊ တင်ပြစာများနှင့် အထွေထွေလေ့လာသုံးသပ် ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

4 copy

“တိုင်ကြားလာတဲ့စာတွေကတော့အားလုံးတော့ မမှန်နိုင်ဘူးလေ၊ ကျွန်တော်တို့ဖြေရှင်းပြီးတာကတော့ ၈၀ရာခိုင်နှုန်းလောက် ဖြေရှင်းပြီးပါပြီ”ဟု ဦးအောင်ကျောင်သူက ဆိုသည်။

ပြည်သူများမှ တိုင်ကြားလာသည့် တိုင်စာများကို ပြန်လည်ဖြေရှင်းရာတွင် ဌာနဆိုင်ရာများအနေဖြင် အလေးထားကာ ပူးပေါင်းဆောင်ရွက် လာခြင်းကြောင့် လွယ်လွယ်ကူကူဖြေရှင်းနိုင်ကြောင်း ၎င်းက ပြောသည်။

ပြည်သူများတိုင်းကြားလာသော တိုင်ကြားစာများတွင် ပညာရေးနှင့်ပက်သက် သောကိစ္စများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ကိစ္စများနှင့် လာဘ်ပေးလာဘ်ယူကိစ္စများပါဝင်ကြောင်း ဦးအောင်ကျော်သူက ပြောသည်။

ထို့အပြင် ကျေးရွာမီးလင်းရေးကော်မတီများမှလည်း မီးလင်းရေးရန်ပုံငွေများကို မိမိကိုယ်ကျိုးစီးပွားအတွက် သုံးစွဲနေမှုများကို လာရောက်တိုင်ကြားထားမှုများနှင့် မြေယာကိစ္စများလည်း ရှိနေကြောင်းကို ၎င်းက ရှင်းပြသည်။

တိုင်ကြားစာများဖြေရှင်းရာတွင်လည်း ဥပဒေကြောင်းအရ သေချာစွာ ဖြေရှင်းပေးသောကြောင့် ပြည်သူများ ကလည်း ထပ်မံတိုင်ကြားလာခြင်းမရှိတော့ကြောင်း ၎င်းကဆိုသည်။

ပြည်သူများ တိုင်ကြားထားသော ပြဿနာများတွင် မြေယာအငြင်းပွားမှု ကိစ္စများ အများဆုံးပါဝင်ကြောင်း ၎င်းက ပြောသည်။
ကျန်ရှိနေသေးသော တိုင်စာများမှာ ဌာနဆိုင်ရာများမှ ပြန်လည်မရရှိသေးသောစာများနှင့် တရားရုံးတွင် အမှုမပြီးပြတ်သေးသော ကိစ္စများသာ ကျန်ရှိတော့ကြောင်း ဦးအောင်ကျော်သူက ရှင်းပြသည်။

Leave a Reply