မော်လမြိုင်၊ ဇွန်

မြန်မာနိုင်ငံကို ဆင်းရဲသည့် နိုင်ငံအဖြစ် ကမ္ဘာ့ဘဏ်က မသတ်မှတ်တော့ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကပြောကြားသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မုဒုံမြို့နယ်၊ကော့ခပုံကျေးရွာ၊ အောင်မင်္ဂလာကျောင်းတွင် ဇွန် ၂၁ ရက်၌ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင်ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့ဘဏ်က ကျွန်တော်တို့တိုင်းပြည်ကိုဆင်းရဲတဲ့နိုင်ငံအဖြစ် မသတ်မှတ်တော့ပါဘူး”ဟု ဒေါက်တာအေးဇံက ပြောသည်။

ယခင်အချိန်က မြန်မာပြည်အနေဖြင့် ကမ္ဘာ့ဘဏ်တွင် ငွေချေးငှားမည်ဆိုပါက ကျပ်တစ်ရာကို တစ်နှစ်လျှင် အတိုးနှုန်း၇၅ ပြား ပေးဆောင်ခဲ့ရသော်လည်း ယခုအချိန်တွင် အတိုးနှုန်း နှစ်ကျပ်ပေးဆောင်ရခြင်းမှာ မိမိနိုင်ငံကို ဆင်းရဲသော နိုင်ငံအဖြစ် မသတ်မှတ်ခဲ့သည့်အတွက်ဖြစ်ကြောင်း ဝန်ကြီးချုပ်ကဆိုသည်။

“သူတို့ကကျွန်တော်တို့ကို ဆင်းရဲတဲ့နိုင်ငံအ ဖြစ်အသိအမှတ်မပြုတော့တဲ့အတွက်ကြောင့်အတိုးနှုန်းကို တခြားနိုင်ငံနဲ့တူတူပဲ နှစ်ကျပ်နဲ့ သူတို့ပေးပါတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံသည့် လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံနှစ်ခုဖြစ်သည့် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံနှစ်ခုကြား၌ တည်ရှိနေပြီး ယင်းနိုင်ငံနှစ်ခု လွှမ်းမိုးမှုကို မခံယူဘဲ သီးခြားရပ်တည်နေသောနိုင်ငံဖြစ်ကြောင်းဒေါက်တာအေးဇံကထပ်လောင်းပြောသည်။

ယင်းလူထုတွေ့ဆုံပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များ၊ မုဒုံမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့ကတက်ရောက်ခဲ့ပြီး မုဒုံမြို့နယ် ကော့ခပုံ၊ဘဲရမ်း၊ ကွမ်တာ၊ ကျောက်တလုံးနှင့် မှိန်ဂနှိမ်းကျေးရွာရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်အခက်အခဲ တင်ပြချက်များကို ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် တွေ့ဆုံဆွေးနွေးဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာတွင်  ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၆.၅ ရာခိုင်နှုန်းရှိမည်ဟုခန့်မှန်းခဲ့ပြီး အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန်လိုအပ်နေကြောင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းမြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေမှာ မတည်မငြိမ်ဖြစ်ခဲ့ကြောင်းလည်းကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလောတွင် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတက်မှုမြင့်တက်လာမည်ဟု ခန့်မှန်းမှုများ ရှိနေသော်လည်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောပဋိပက္ခများ၊ ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု ကျဆင်းလာခြင်းကြောင့် မြန်မာ့စီးပွားရေးအပေါ်ရိုက်ခတ်မှုများ ရှိနိုင်ကြောင်းကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင်ဖော်ပြပါရှိသည်။

သို့သော်မြန်မာနိုင်ငံသည်ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ထုတ်ပြန်ထားသော ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံများစာရင်းတွင်လက်ရှိအချိန်ထိ ပါဝင်နေသေးသည်။

ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားသော ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံ ၄၅ နိုင်ငံ ရှိပြီး၊အာဖရိကနိုင်ငံ အများစုနှင့် မြန်မာနိုင်ငံ  အပါအဝင် အာရှ နိုင်ငံအချို့လည်း ပါဝင်သည်။

လျှမ်းထက် ၊ ခေတ်မင်း

1 comment:

Leave a Reply