(ဓါတ်ပုံ အညွှန်း – ခံတွင်းကင်ဆာဆဲလ်တွေ့ရှိသူတစ်ဦးကို ဆေးကုသမှုပြုလုပ်ပေးနေစဉ်)

မြန်မာနိုင်ငံတွင် ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာရောဂါ အဖြစ်များဆုံးတွေ့ရပြီး၊ ကွမ်းစားသူ ၁၀ဝ ဦးအနက် ၁၀ ဦးမှာ ခံတွင်း ကင်ဆာရောဂါ ဖြစ်ပွားလျက်ရှိကြောင်း ဂျပန်နိုင်ငံ OKAYAMA တက္ကသိုလ်မှ ပရော်ဖက်ဆာ Nobuyoshi Mizukawa က ပြောသည်။

Nobuyoshi Mizukawa သည် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး၌ ခံတွင်းကျန်းမာရေး စစ်ဆေးခြင်း (Oral Health Screening) ပြုလုပ်ပေးစဉ် ဇန်နဝါရီ ၆ ရက်က ပြောကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါရောဂါရှာဖွေခြင်းကို ဇန်ဝါရီ ၆ ရက်မှ ၈ ရက်ထိ ပြုလုပ်မည် ဖြစ်ကြောင်း ခံတွင်းကျန်းမာရေး စစ်ဆေးပေးနေသည့် ဆရာဝန်ကြီးများထံမှ သိရသည်။

ပထမအကြိမ် ခံတွင်းကျန်းမာရေး စစ်ဆေးခံသူ ၇၄ ဦးထဲတွင် ခံတွင်းကင်ဆာဖြစ်ပွားနေသူ တစ်ဦးတွေ့ရှိခဲ့ပြီး၊ ဇန်နဝါရီ ၆ ရက်တွင် ခံတွင်းကျန်းမာရေး လာရောက်စစ်ဆေးခံသူများထဲတွင် ကင်ဆာဖြစ်ပွားနေသူတစ်ဦးကို တွေ့ရှိရကြောင်း Nobuyoshi Mizukawa က ဆိုသည်။

ခံတွင်းကျန်းမာရေး စစ်ဆေးခြင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီးနောက် ဒုတိယ အကြိမ်ကို မွန်ပြည်နယ်၊ မော်လမြိုင်တွင် ပြုလုပ်ခြင်းလည်းဖြစ်သည်။

“ကျွန်တော့်ကို ကင်ဆာ စချင်နေတဲ့ ရောဂါလက္ခဏာ ရနေပြီတဲ့၊ ကျွန်တော့်ကို ကွမ်းဖြတ်ခိုင်းတယ်၊ ဆရာဝန်ကြီးတွေက စေတနာပါပါနဲ့ ကုပေးတယ်၊ ဆေးတွေလည်း အများကြီးပေးလိုက်တယ်၊ အကောင်းဆုံးကတော့ ကွမ်းဖြတ်တော့မယ်”ဟု ခံတွင်းကျန်းမာရေး လာရောက်စစ်ဆေးခံယူသူ ဦးတိုးနိုင်က ပြောဆိုသည်။

 (ဓါတ်ပုံ အညွှန်း – ခံတွင်းကင်ဆာဆဲလ်တွေ့ရှိသူတစ်ဦးကို ဆေးကုသမှုပြုလုပ်ပေးနေစဉ်)

(ဓါတ်ပုံ အညွှန်း – ခံတွင်းကင်ဆာဆဲလ်တွေ့ရှိသူတစ်ဦးကို ဆေးကုသမှုပြုလုပ်ပေးနေစဉ်)

ပြည်သူများအနေနှင့် ဆေးရုံသို့ လာရောက်ပြသ စစ်ဆေးစေလိုကြောင်း၊ ရောဂါဖြစ်နိုင်ချေရှိသည့် လူနာများကို လိုအပ်သည့် ဆေးဝါး ကုသပေးခြင်း၊ လိုက်နာရမည့် အချက်များနှင့် နေထိုင်မှုပုံစံများကို ညွှန်ကြားခြင်းနှင့် ဆေးရုံပုံမှန် ပြသပေးခြင်း ပြုလုပ်ပေးရမည်ဟု သိရသည်။

“ခံတွင်းကင်ဆာကို စောစီးစွ ဖော်ထုတ်နိုင်ဖို့ မြန်မာနိုင်ငံသွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်က အငြိမ်းစားပါမောက္ခ ဒေါက်တာဆွေဆွေဝင်း နဲ့ သွားဆရာဝန်တွေ စုပေါင်းပြီးတော့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်”ဟု Nobuyoshi Mizukawa က ဆိုသည်။

OKAYAMA ဆေးရုံတွင် ခံတွင်းကင်ဆာရောဂါကို ရှာဖွေဖော်ထုတ်မှု ပြုလုပ်လျက်ရှိသည့် ယင်းအဖွဲ့သည့် မြန်မာနိုင်ငံတွင် ခံတွင်း ကင်ဆာ ဖြစ်ပွားမှုရပ်တန့်နိုင်ရေးအတွက် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply