မြန်မာနိုင်ငံတွင် ကြံ့ မျိုးတုန်းပြီဟုဆို

ထားဝယ် ၊ မတ် ၃၀

မြန်မာနိုင်ငံတွင် ယခင်က အိန္ဒိယမျိုးနှင့် ဆူမတြား ဟူ၍ ကြံ့နှစ်မျိုးနှစ်စားရှိခဲ့ရာမှ ယခုအခါ လုံးဝမရှိတော့ဘဲ မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ်ကြောင်း သဘာ၀၀န်းကျင်နှင့်သားငှက်တိရစ ္ဆာန်ထိန်းသိမ်းရေးဌာန၊ ညွန်ကြားရေးမှူးဦးဝင်းနိုင်သော်က ပြောသည်။

“ကြံ့ချို၊ ကြံ့သွေး အားရှိတယ်၊ ဆေးဖက်ဝင်တယ်ဆိုပြီး သတ်လိုက်ဖြတ်လိုက်ကြတာ၊ ကြံ့သွေး၊ ကြံ့ချိိုဆိုပြီး ပစ်ကြ ခတ်ကြရင်းနဲ့ ကုန်သွားပြီ ”ဟု ဦးဝင်းနိုင်သော်က ဆိုသည်။

၁၉၈၀ ပြည့်နှစ်မတိုင်မီကာလများအထိ မြန်မာ့ရေမြေပေါ်တွင် ကြံ့များ ရှင်သန်ကျန်ရှိနေသေးကြောင်း သတင်းရခဲ့သော်လည်း ၁၉၈၈အရေးအခင်းကာလနောက်ပိုင်းတွင်မူ သတင်း အစအနမရတော့ကြောင်း သိရသည်။ မြန်မာနိုင်ငံမှာ ကျား၊ ကြံ့နှင့် ဆင်မျိုးနွယ် အစိတ်အပိုင်းများကို ရောင်းဝယ်ဖောက်ကားရန်အတွက် တဆင့်ခံနိုင်ငံ ဖြစ်သလို အာရှတိုက်၏ သားငှက်တိရစ္ဆာန်ကုန်သွယ်မှုအတွက် အဓိကလမ်းဆုံလမ်းခွတစ်ခုဖြစ်သည်ဟု ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF- မြန်မာ)ထံမှ သိရသည်။ ဈေးကွက်တွင် ဝယ်လိုအား အများဆုံး သတ္တဝါကြီးအမျိုးအစားတွင် ကြံ့ ၊ ဆင်၊ ကျား၊ ကျားသစ်၊ ဝက်ဝံတို့ ပါဝင်ပြီး သတ္တဝါငယ်တွင် လိပ်မျိုးစုံ၊ မြွေမျိုးစုံတို့ ပါဝင်သည်ဟု ဦးဝင်းနိုင်သော်က ပြောသည်။

“အဓိကက အကောင်တွေ နည်းလာတာက။ သတ်တာ တစ်ခုတည်း မဟုတ်ဘူး။ စားစရာနဲ့ သူတို့ နေစရာ မြေလျော့သွားတာ”ဟု ၎င်းက ဆိုသည်။ ယင်းသို့ ကြံ့များ မျိုးတုန်းပျောက်ကွယ်ရခြင်းမှာ သတ်ဖြတ်ခံရခြင်းတစ်ခုတည်းကြောင့် မဟုတ်ဘဲ မှီဝဲရန် အစာရေစာနှင့် ကျင်လည်ရန် စားကျက်မြေ ရှားပါးလျော့နည်းလာခြင်းအပေါ်လည်း မူတည်ကြောင်း ၎င်းက မှတ်ချက်ပြု ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကြံ့များကို ယခင်က ရခိုင်၊ ကချင်၊ ကယား၊ ကရင် စသည့်ပြည်နယ်များတွင်လည်းကောင်း၊ စစ်ကိုင်း၊ တနင်္သာရီ စသည့် တိုင်းဒေသကြီးတို့တွင်လည်းကောင်း တွေ့ရှိရသည်ဟုလည်း သိရသည်။ ယခုအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးရှိ တောတောင်များထဲ၌ပင် ကြံ့များ ကျင်လည်ကျက်စား ရှင်သန်ကျန်ရစ်သည်ဟု သတင်းမရတော့ကြောင်း တိုင်းသစ် တောဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောသည်။

ထင်ရှားသော ကြံ့မျိုး ၅မျိုးရှိသည့် အနက် အာဖရိကတိုက်တွင် ကြံ့မဲနှင့် ကြံ့ဖြူ ဟူ၍ ၂မျိုး၊ အာရှတိုက်တွင် အိန္ဒိယကြံ့၊ဂျားဗားကြံ့နှင့်ဆူးမတြားကြံ့ဟူ၍ ၃မျိုး တွေ့ရပြီးကြံ့၊ ရေမြင်းနှင့် ဆင်တို့မှာ ခြေလေးချောင်းသတ္တဝါတို့တွင် ကိုယ်ခန္ဓာအရွယ်အစား အကြီးမားဆုံးဖြစ်သည်ဟု သိရှိရသည်။

Written by တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်