မော်လမြိုင် နိုဝင်ဘာ

ကုလသမဂ္ဂ ဘေးအန္တရာယ်လျှော့ချရေးရုံး (UNISDR)က ရွေးချယ်သည့် အာရှတိုက်အတွင်း သဘာဝဘေးဒဏ်ခံနိုင်သည့် မြို့ငါးမြို့စာရင်းတွင် မြန်မာနိုင်ငံမှ မော်လမြိုင်မြို့ပါဝင်သည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဟင်္သာမီဒီယာသို့ ပြောသည်။

ထို့ကြောင့် မော်လမြိုင်မြို့ကို သဘာဝဘေးဒဏ် ခံနိုင်သည့်မြို့အဖြစ် သတ်မှတ်နိုင်ရန် UNISDR၏ အကူအညီဖြင့် ဆက်လက်ဆောင်ရွက်နေသည်ဟု ၎င်းက ဆက်ပြောသည်။

“လောလောဆယ် သဘာဝဘေးဖြစ်သွားတဲ့ နိုင်ငံတွေကို ကြည့်ပြီးတော့ မော်လမြိုင်က သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီလို့ ရွေးချယ်တာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မော်လမြိုင်မြို့နယ်အတွင်း သဘာဝဘေးဒဏ် ခံနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်မည့် အသေးစိတ်အကဲဖြတ်မှုများအတွက် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်နေ့အထိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့ပြီး action plan မူကြမ်း ရေးဆွဲနိုင်ခဲ့သည်ဟု ဦးမြင့်သန်းဝင်းကပြောသည်။

“Action plan အကြမ်းဖျင်းတော့ ဆွဲပြီးပြီ။ အတိအကျလုပ်ဖို့က ထပ်ပြီးညှိနှိုင်းစရာတွေ ရှိသေးတယ်။ ပြီးတော့မှ သေးစိတ်ကထွက်မှာ” ဟု ၎င်းကဆိုသည်။

Action plan တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်၊ ကုန်ကျစရိတ်နှင့် နည်းပညာများပါဝင်ပြီး ဆိုင်ကလုန်းဒဏ်ခံ အဆောက်အဦးနှင့် မြေထိန်းနံရံများတည်ဆောက်ခြင်း၊ ရှိပြီးသားအဆောက်အဦးများကို ဒဏ်ခံနိုင်မှုရှိမရှိ စိစစ်ခြင်း စသည်တို့ကို ကဏ္ဍတစ်ခုချင်းစီ ရေးဆွဲထားမည်ဟု ဦးမြင့်သန်းဝင်းကပြောသည်။

ယင်းအစီအစဉ်အတွက် UNISDR မှ နည်းပညာနှင့် ကျွမ်းကျင်ပညာရှင်များ ပံ့ပိုးပေးမည်ဖြစ်ပြီး စီမံချက်အောင်မြင်ပါက မော်လမြိုင်မြို့သည် သဘာဝဘေး ကျရောက်သော်လည်း ချက်ချင်းပုံမှန်အတိုင်း ပြန်လည်ထူထောင်နိုင်သည့် မြို့တစ်မြို့ဖြစ်လာမည်ဟု ၎င်းကပြောသည်။

သဘာဝဘေးဒဏ်ခံနိုင်သော မြို့အဖြစ် သတ်မှတ်ထားသော အာရှ ၅ နိုင်ငံတွင် မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့၊ နီပေါရှိ ကတ်တမန်ဒူမြို့တော်၊ ဘင်္ဂလားဒေ့ရှ်တွင် ဒါကာမြောက်ပိုင်းမြို့တော်၊ အင်ဒိုနီးရှားတွင် စီလာကတ်နှင့် မြန်မာနိုင်ငံတွင် မော်လမြိုင်မြို့တို့ဖြစ်သည်။

UNISDR ၏ ဒေသဆိုင်ရာအဆင့် သဘာဝဘေးအန္တရာယ် လျှော့ချရေး ၂ဝ၁၅-၂ဝ၃ဝ စီမံကိန်းတွင် ကမ္ဘာပေါ်ရှိ မြို့ပေါင်း ၂၀ ကို သဘာဝဘေးဒဏ် အမြဲတမ်းခံနိုင်သည့် မြို့များအဖြစ် သတ်မှတ်မည်ဖြစ်ပြီး လူဦးရေ ၅၅ သန်းကို အကျိုးပြုနိုင်မည်ဟု UNISDR ထုတ်ပြန်ချက်တွင် ပါရှိသည်။

စန္ဒာဉာဏ်

Leave a Reply