Advertisements

မော်လမြိုင်၊ နိုဝင်ဘာ

မြန်မာနိုင်ငံ၏ ထူးခြားသည့်၊ ပထမဆုံးဖြစ်သည့် စီးပွားရေးလုပ်ငန်းများ မွန်ပြည်နယ်အတွင်း လာရောက်လုပ်ကိုင်ပါက ဂုဏ်ပြုသည့်အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်ဓာတ်ပုံကို အသုံးပြုဆိုင်းဘုတ်တင်ခွင့်ပြုမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။

ကျိုက်ထိုမြို့နယ်တွင် နိုဝင်ဘာ ၂ ရက်နေ့က ဖွင့်လှစ်သော မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် မွန်ပြည်နယ်၏ ဂုဏ်ဆောင် စိမ်းလဲ့တင် Adventure Land ဖွင့်ပွဲအခမ်းအနား၌ ကြော်ငြာဆိုင်းဘုတ်တွင် ပြည်နယ်ဝန်ကြီးချုပ် ဓာတ်ပုံဖြင့် ထည့်သွင်းဖော်ပြခဲ့ခြင်းအပေါ် လူမှုကွန်&က်စာမျက်နှာများတွင် ဝေဖန်မှုများ ထွက်ပေါ်ပျံ့နှံ့ခဲ့သည်။

ယင်းသို့ ဝေဖန်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် လာဘ်ပေးလာဘ်ယူခြင်းတစ်စုံတစ်ရာမရှိဘဲ ဂုဏ်ပြုထိုက်သည့်အတွက်ကြောင့် ကြေညာဆိုင်းဘုတ်တွင် ဖော်ပြခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီနေရာက ဘယ်သူမှ အသုံးပြုလို့ မရတော့ဘူးဆိုပြီး ပစ်ထားတဲ့နေရာ၊ အဲဒီနေရာကို ခုလိုပြန်လုပ်တာ ဂုဏ်ယူရမယ်။ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင်လည်း သူ့အနေနဲ့ အများကြီးလုပ်ထားတယ်။ ဒါကိုဂုဏ်ပြုသင့်တယ်။ ဝေဖန်တဲ့သူတွေကတော့ ဝေဖန်မှာပဲ”ဟု ၎င်းက ပြောသည်။

သို့သော် လုပ်ငန်းရှင်တိုင်း ယင်းသို့ဖော်ပြကြော်ငြာခွင့်ပြုမည်မဟုတ်ဘဲ မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ထူးခြားသည့် လုပ်ငန်းများ ပြည်နယ်အတွင်း လာရောက်လုပ်ကိုင်မှသာ ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply