Advertisements

မော်လမြိုင် နိုဝင်ဘာ

ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) အနေဖြင့် မြန်မာ ပြည်တောင်ပိုင်း ဒေသ ရေရှည် ဖွံ့ဖြိုးရေးအတွက် ဆက်လက် ကူညီ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဆွစ်ဇာလန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုဝင်ဘာ ၅ရက်တွင် မွန်ပြည်နယ် မော်လမြိုင်ရှိ Strand ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံတောင်ပိုင်းဒေသအတွင်း ၇နှစ်တာ ဆွစ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်သုံးသပ်ခြင်း အခမ်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အခြားလိုအပ်ချက်တွေရှိနေတဲ့ တိုင်းနဲ့ ပြည်နယ်တွေကိုလည်း ဦးစားပေးပြီး လုပ်ဆောင်သွားမယ်၊ ဒါပေမယ့် မြန်မာပြည်တောင်ပိုင်းမှာတော့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆက်ပြီးတော့ လုပ်ဆောင်ပေးသွားမယ်၊ ဆက်ပြီးတော့ ရှိနေမယ်”ဟု ၎င်းက ဆိုသည်။

ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SDC) သည် ၂၀၁၁ ခုနှစ်မှ စတင်၍ မွန်ပြည်နယ် ၊ကရင်ပြည်နယ် နှင့် အခြား ဝေးသော ဒေသများတွင် ရေရှည်တည့်တံ့ ခိုင်မြဲမှုရှိစေရန် သင်တန်းများပေးခဲ့ကြောင်း ဆက်လက်ပြောသည်။

ဆွစ်ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ မွန်၊ ကရင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးစေရန်အတွက် ကမ်းရိုးတန်း ဒေသ သံယံဇာတအရင်းအမြစ်များ စီမံခန့်ခွဲမှု တိုးတက်လာစေရန် ပံ့ပိုးပေးခြင်း၊ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုအတတ်ပညာ ဖွံ့ဖြိုးရေး သင်တန်း ဆောင်ရွက်ပေးခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများတွင် ပမာဏကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု စခန်းများ ထူထောင်ပေးခြင်း၊ ရာဘာလုပ်ငန်း တိုးတက်ရေး၊ ရာဘာဈေးကွက်တိုးတက်လာစေရန် မြန်မာ့ရာဘာလုပ်ငန်း မြှင့်တင်ရေးစီမံချက်များကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆောင်ရွက်ပေးခဲ့ကြောင်း ထပ်မံပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသအတွင်း အဆိုပါစီမံချက်များအတွက် ဆွစ်ပူးပေါင်း ဆောင်ရွက်ရေးအနေဖြင့် ၂ဝ၁၈ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅သန်းခန့် ပံ့ပိုးခဲ့ပြီးဖြစ်ကြောင်း ဆက်လက်ပြောသည်။

အဆိုပါ အဖွဲ့သည် အခြေခံမူလတန်းကျောင်း ဆောက်လုပ်ပေးခြင်း၊ ကျေးလက်ကျန်းမာရေး အဆောက်အဦးများဆောက်လုပ်ပေးခြင်း၊ ကျေးလက်ဒေသအတွင်း သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို အကောင်အထည်ဖော်ပေးခြင်း စသဖြင့် လူထုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြောင်းသိရသည်။

ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရနှင့်သက်ဆိုင်သည့်လုပ်ငန်းများကို ဆွစ်ဖွံ့ဖြိုးရေးအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ပေးသောကြောင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးအား ကျေးဇူးတင်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ယင်းအခမ်းအနားတွင် ပြောဆိုသည်။

ထိုက်ထိုက်

Leave a Reply