(ပုံစာ - ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ပထမအသုတ် ဇန်နဝါရီလ (၂၇) ရက်နေ့ကထိုးနှံပေးနေစဉ်။ Photo - MoHS)

၂၈ ဇန်နဝါရီ ၂၀၂၁

နိုင်ငံတစ်ဝန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဇန်နဝါရီလ (၂၇) ရက်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ နှစ်ရက်အကြာတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့သူပေါင်း ၆၈၂၇၉ ဦး ရှိပြီဖြစ်သည်။

ယမန်နေ့က (၃၀,၅၅၁) ဦး၊ ယနေ့ (၃၇,၇၂၈) ဦး ထိုးနှံပေးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇန်နဝါရီလ (၂၈) ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ ကျန်ရှိနေသော ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများကို လာမည့်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်က ဆိုသည်။

“ကျွန်မတို့ပြည်သူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဒီအထိ တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွှားနိုင်ခဲ့တယ်ဆိုတာ ပြည်သူသာအဓိကဆိုတာ ထပ်တလဲလဲ ပြောပါတယ်။ ပြည်သူမပါဘဲနဲ့ ဘာမှမအောင်မြင်နိုင်ပါဘူး”ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ကိုဗစ်နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ဇန်နဝါရီလ (၂၈) ရက် ညပိုင်းမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဘေးအတွက် လက်ရှိအချိန်ထိ စုစုပေါင်း ကျပ်ဘီလီယံ (၂၆၀၀) ကျော် အသုံးပြုထားပြီး လိုအပ်သလို ထပ်မံ အသုံးပြုသွားမယ်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အိန္ဒိယနိုင်ငံမှ လက်ဆောင်ပေးအပ်သော COVID-19 ကာကွယ်ဆေး COVISHIELD ဆေးအလုံးရေ တစ်သန်းခွဲမှာ မြန်မာနိုင်ငံသို့ ဇန်နဝါရီလ (၂၇) ရက်က ရောက်ရှိလာပြီးနောက်တစ်ရက် တွင် တိုင်းနှင့် ပြည်နယ်များသို့ တပြိုင်နက်တည်း ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။

ကိုဗစ်ကာကွယ်ဆေး COVISHIELD သည် Serum Institute of India က ထုတ်လုပ်ထားခြင်းဖြစ်ပြီး လူတစ်ဦးလျှင် နှစ်ကြိမ် ထိုးနှံ ရမည့် အမျိုးအစား ဖြစ်သည်။ အဦးဆုံး တစ်ကြိမ်ထိုးနှံပြီးပါက နောက်ထပ် ၂၈ ရက်မြောက်အကြာတွင် တစ်ကြိမ် ထပ်မံ ထိုးနှံရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမဆုံးထိုးနှံမှုအဖြစ် နေပြည်တော် ခုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု ဒေါ်အေးမူမူအား ဇန်နဝါရီလ (၂၇) ရက် နံနက် (၈) နာရီအချိန်တွင် ထိုးနှံပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ဇန်နဝါရီလ (၂၈)ရက် ညပိုင်းထိ ကိုဗစ် – ၁၉ ဆိုင်ရာ အခြေအနေမှာ ပိုးတွေ့လူနာ တစ်သိန်းလေးသောင်းနီးပါး၊ ၎င်းတို့အနက် ပြန်လည်သက်သာလာသူ တစ်သိန်းနှစ်သောင်းကျော်ရှိပြီး သေဆုံးသူ ဦးရေ သုံးထောင်ကျော်ရှိသည်။

နေမင်းထွဏ်း

(ပုံစာ – ရှမ်းပြည်နယ် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (COVISHIELD) ပထမအသုတ် ဇန်နဝါရီလ (၂၇) ရက်နေ့ကထိုးနှံပေးနေစဉ်။ Photo – MoHS)

 

Leave a Reply