ပုံစာ - ကိုဗစ်နိုင်တင်းကာကွယ်ရေး စာသင်ကျောင်းတွင်း စီမံဆောင်ရွက်ချက်မြင်ကွင်းတစ်ရပ်။(နေပြည်တော်၊ ဇူလိုင်စတုတ္ထပတ်) (ဓာတ်ပုံ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

ရန်ကုန် ဩဂုတ် ၁၁

မြန်မာနိုင်ငံတွင် ယခင်က ကိုဗစ်နိုင်တင်း ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိခဲ့ပြီး လက်ရှိ ရောဂါပိုးကင်းစင်သွားပြီးဖြစ်သည့် တိုင်းဒေသကြီး/ပြည်နယ် စုစုပေါင်း ဩဂုတ် ၁၁ ညနေပိုင်း၌ ၁၂ ခု ရှိပြီဖြစ်သည်။

ကယားပြည်နယ်မှအပ ဒေသအသီးသီးတွင် ပိုးတွေ့လူနာများ ရှိခဲ့ပြီး ယခုအခါ မန္တလေး၊ မကွေး၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း တိုင်းဒေသကြီးများ၊ ကချင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် တောင်၊ မြောက်၊ အရှေ့ပိုင်းဒေသများနှင့် နေပြည်တော်တို့တွင် ရောဂါပိုး ပြန်လည်ကင်းစင်ခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် ဖော်ဖော်ဝါရီလဆန်းမှ ဩဂုတ် ၁၀ နံနက်ပိုင်းအထိ ဓာတ်ခွဲစစ်ဆေးမှု ၁၂၆,၈၂၈ ခုတွင် ပိုးတွေ့လူနာ ၃၆၀ ရှိခဲ့သည်။ ယင်းအနက် ၃၁၂ ဦးမှာ ပိုးမတွေ့ရှိကြောင်း နှစ်ကြိမ်ဆက်တိုက် အဖြေထွက်ရှိထားသည်။ ထိုအထဲမှ လူနာ ၃၀၈ ဦးမှာ ဆေးရုံဆင်းခွင့် ရရှိခဲ့ပြီး လက်ရှိ ဆေးရုံတက်ရောက် ကုသမှုခံယူနေသူမှာ ၄၆ ဦး ရှိနေသည်။

ပိုးတွေ့လူနာများအနက် ရန်ကုန်တိုင်းမှ ၅ ဦး၊ ပဲခူးတိုင်းမှ ၁ ဦး၊ ပေါင်း ၆ ဦး သေဆုံးထားသည်။

ပြည်တွင်းကူးစက်မှုမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဇူလိုင် ၁၆ က တိုးလာသော လူနာအမှတ် ၃၃၉ နောက်ပိုင်း မရှိခဲ့သဖြင့် ၂၆ ရက်ကျော် တစ်လနီးပါးတိုင် ရှိလာပြီဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဩဂုတ်ပထမပတ်ကုန်အထိ ၂၆၀၇ ခု၌ လူဦးရေ နှစ်သောင်းနီးပါးကို အသွားအလာ ကန့်သတ်ကာ စောင့်ကြည့်လျက်ရှိသည်။

အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုသည့်နေရာများတွင် မကွေးတိုင်းက ၄၀၇ နေရာဖြင့် အများဆုံးဖြစ်ပြီး စောင့်ကြည့်ခံဦးရေမှာ ရန်ကုန်တိုင်းက ၃၉၀၄ ဦးဖြင့် လူဦးရေအများဆုံးဖြစ်သည်။

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၅၈ မြို့နယ်မှာ ပိုးတွေ့လူနာ မရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။

လက်ရှိ ဆေးရုံတက် ကုသမှုခံယူနေသူ လူနာများမှာ ရန်ကုန်၊ တောင်ဥက္ကလာပအထူးကုဆေးရုံကြီးတွင် ၁၉ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ၁၇ ဦးရှိသည်။ ၎င်းအပြင် ဒေသအချို့ရှိ ပြည်သူ့ဆေးရုံများတွင်လည်း ရှိနေရာ တီးတိန်တွင် ၅ ဦး၊ ဘားအံတွင် ၂ ဦး၊ မော်လမြိုင်၊ ကော့သောင်း၊ ကလေးမြို့တို့တွင် ၁ ဦးစီ ရှိနေသဖြင့် ၄၆ ဦး လက်ရှိကုသမှုခံယူနေရသည်။

နေမင်းထွဏ်း

ပုံစာ – ကိုဗစ်နိုင်တင်းကာကွယ်ရေး စာသင်ကျောင်းတွင်း စီမံဆောင်ရွက်ချက်မြင်ကွင်းတစ်ရပ်။(နေပြည်တော်၊ ဇူလိုင်စတုတ္ထပတ်)
(ဓာတ်ပုံ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

Leave a Reply