Advertisements

မော်လမြိုင်၊ မေ ၁၇

ကျိုက်ထိုမြို့နယ်၊ တောင်သူစုရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ငွေကိုင် (၃) ဦးကျော်မိုးဝင်းက ဘဏ်ငွေတိုက်အတွင်းမှ ငွေစက္ကူ ကျပ်သိန်း ၄,၀၀၀ ခန့်ကို အလွဲသုံးစားပြုလုပ်ပြီး ထွက်ပြေးတိမ်း ရှောင်နေကြောင်း ကျိူက်ထိုမြို့မရဲစခန်းမှ သိရသည်။

“ဘဏ်ကတော့ အမှုလာတိုင်ထားတယ်။ အခုချိန်ထိတော့ ငွေအလွဲသုံးစား ပြုလုပ်သွားတယ်ဆိုတဲ့ ဘဏ်ဝန်ထမ်း ကိုကျာ်မိုးဝင်းကို မတွေ့သေးဘူး။ ထွက်ပြေးနေတယ်” ကျိုက်ထိုမြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောဆိုသည်။

မြန်မာ့စီးပွားရေးဘဏ် (ကျိုက်ထို) မှ ခရိုင်မန်နေဂျာ ဒေါ်ရှင်မြင့်ထွေး သည် မေလ ၁၄ ရက်နေ့ မနက် ၈နာရီခွဲ အချိန်တွင် မြန်မာ့စီးပွားရေးဘဏ်(ကျိုက်ထို)ငွေတိုက်မှ ငွေထုတ်ယူရန် ဆောင်ရွက်စဉ် ငွေတိုက်သော့ကိုင် ဦးကျော်မိုးဝင်း (အသက် ၄၄နှစ်) မှ ရောက်မလာသဖြင့် ဘဏ်ကြီးကြပ်ရေးမှူး ဒေါ်ခင်အေးမော်ညွှန့်အား ၎င်း၏နေအိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းအရ သိရသည်။

ဦးကျော်မိုးဝင်းမှာ ဘဏ်သို့ ရောက်ရှိလာခြင်းမရှိသဖြင့် ၎င်းနေအိမ်သို့ ဘဏ်မှတာဝန်ရှိသူများ သွားရောက်စဉ် ဦးကျော်မိုးဝင်း၏ မိခင်ဖြစ်သူနှင့်သာ တွေ့ရှိ၍ မေးမြန်းခဲ့ပြီး မေ ၁၃ ရက်နေ့မှ နေအိမ်သို့ ပြန်လည် ရောက်ရှိလာခြင်းမရှိကြောင်း ပြောပြသဖြင့် ၎င်းနေအိမ် အိပ်ခန်းအတွင်း ဝင်ရောက်ကြည့်ရှုခဲ့ရာ ၎င်း၏ အိပ်ယာပေါ်မှ ငွေတိုက်သော့အား တွေ့ရှိခဲ့၍ ဘဏ်သို့ ယူဆောင်လာခဲ့ကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းတွင် ဖော်ပြထားသည်။

ငွေကိုင် (၃) ဦးကျာ်မိုးဝင်းနေအိမ်မှ ဘဏ်ငွေတိုက်သော့ကို ယူဆောင်လာပြီး မသင်္ကာသဖြင့် ဘဏ်ငွေတိုက် အား ဖွင့်၍စစ်ဆေးရာ ငွေကျပ် သိန်း(၄၀၀၀) ခန့် ပျောက်ဆုံးနေကြောင်း စိစစ်တွေ့ရှိသဖြင့် မြန်မာ့စီးပွားရေး ဘဏ် သထုံခရိုင် မန်နေဂျာ ဒေါ်ရှင်မြင့်ထွေးမှ ရဲစခန်းသို့ လာရောက်အမှုဖွင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

မြန်မာ့စီးပွားရေး ဘဏ် (ကျိူက်ထို) မှ ငွေကြေးများ အလွဲသုံးစား ပြုလုပ်ခဲ့သူ ဦးကျော်မိုးဝင်း (အသက် ၄၄ နှစ်) ကို ကျိုက်ထိုမြို့မရဲစခန်းမှ (ပ)၂၃၅၁/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ (ပြည်သူ့ဝန်ထမ်းအား ယုံကြည်အပ်နှံ ရေး ဖောက်ဖျက်မှု) အရ အမှုဖွင့်၍ တရားခံဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်း ရှာဖွေလျက်ရှိကြောင်း ယင်းရဲစခန်းမှူး ဒုရဲမှူး အေးမြင့်က ဆိုသည်။

Advertisements
<

Leave a Reply