Advertisements

၂၀၁၆ ခုနှစ်မှစတင်ပြီး တပ်မတော်ကို စစ်လက်နက်ရောင်းချသည့် နိုင်ငံပေါင်း ၇ နိုင်ငံမှ ကုမ္ပဏီပေါင်း အနည်းဆုံး ၁၄ ခုရှိနေပြီး အဆိုပါလက်နက်များထဲတွင် တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များ၊ စစ်သဘောၤများ၊ ဒုံးများနှင့် ဒုံးလွှတ်အမြှောက်များလည်း ပါဝင်သည်ဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

မြန်မာ့တပ်မတော်အား လက်နက်ရောင်းချထားသည့် နိုင်ငံများတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၅ ခုအထိ အများဆုံးပါဝင်နေပြီး တရုတ်အစိုးရပိုင် စစ်လက်နက်လုပ်ငန်းဖြစ်သည့် China North Industries Corporation (NORINCO)လည်း ပါဝင်သည်ဟု ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်သော တပ်မတော်၏ ပင်မစီးပွားရေးလုပ်ငန်းများ အစီရင်ခံစာတွင် ဖော်ပြထားသည်။

NORINCO မှာ မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် အကျိုးတူပူးပေါင်းကာ လက်ပံတောင်းတောင်တွင် ကြေးနီထုတ်လုပ်နေသည့် ဝမ်ပေါင်ကုမ္ပဏီ၏ မိခင်ကုမ္ပဏီလည်းဖြစ်သည်။

Advertisements
data-language="en"

ရုရှအစိုးရပိုင် Irkutsk Corporation မှာလည်း အဆိုပါစာရင်းတွင် ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံကို စတုတ္ထမျိုးဆက်လွန် တိုက်လေယာဉ်များဖြစ်သည့် Su 30 အမျိုးအစားတိုက်လေယာဉ် ၆ စီးကို ရောင်းချပေးရန် နှစ်နိုင်ငံအကြား အမေရိကန်ဒေါ်လာ ၂၀၄ သန်းခန့် တန်ဖိုးရှိသည့် သဘောတူစာချုပ်တစ်ခုကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်းက ချုပ်ဆိုခဲ့ကြောင်း ယင်းအစီရင်ခံစာ၏ စာမျက်နှာ ၁၀၉ တွင် ဖော်ပြထားသည်။

ယင်းအပြင် အိန္ဒိယ၊ မြောက်ကိုရီးယား၊ ယူကရိန်း၊ အစ္စရေး၊ ဖိလစ်ပိုင်နှင့် စင်ကာပူနိုင်ငံများမှ ကုမ္ပဏီများလည်း မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချသည့် ကုမ္ပဏီများစာရင်းတွင် ဖော်ပြခြင်းခံထားရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်က တပ်မတော်၏စီးပွားရေး အဆက်အသွယ်များကို ဖော်ထုတ်ကာ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှုများကို ပိတ်ဆို့ရန် ဩဂုတ် ၅ ရက်နေ့ ရက်စွဲဖြင့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်လိုက်ပြီး အဆိုပါအစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါအစီရင်ခံစာတွင် တပ်မတော်ကို စစ်လက်နက်နှင့် အခြားစက်ပစ္စည်းများရောင်းချမှု၊ လွှဲပြောင်းမှုနှင့် ထောက်ပံ့မှုတို့ ပြုလုပ်ခဲ့သော နိုင်ငံများနှင့်ကုမ္ပဏီများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်၊ မြန်မာနိုင်ငံအား လက်နက်တင်ပို့ရောင်းချမှုကို တရားဝင်ပိတ်ဆို့ရန်၊ ယန္တရားတစ်ခုပြဋ္ဌာန်းပြီး ယင်းပိတ်ဆို့မှုကို လိုက်နာမှု ရှိ၊ မရှိ စောင့်ကြည့်ရန် အစရှိသဖြင့် ကုလသမဂ္ဂကို တိုက်တွန်းထားသည်။

“ကျွန်တော်တို့အနေနဲ့ လက်နက်ရောင်းချမှုပိတ်ပင်ဖို့ တောင်းဆိုသလို လူတစ်ဦးချင်းအနေနဲ့ကိုလည်း … ဆိုပါတော့ ဦးပိုင်တို့၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့၊ သူတို့ရဲ့လက်ခွဲလုပ်ငန်းတွေတို့နဲ့ အလုပ်သဘောအရ မဆက်ဆံဖို့၊ အဲဒီလုပ်ငန်းတွေက ထုတ်လုပ်၊ ရောင်းချ၊ တင်ပို့တဲ့ ကျောက်စိမ်းတို့ ပတ္တမြားတို့ကို မဝယ်ဖို့ တောင်းဆိုနေပါတယ်”

ဟု ယင်းအစီရင်ခံစာ နှင့်ပတ်သက်၍ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဦးဆောင်သူ အင်ဒိုနီးရှားနိုင်ငံမှ ရှေ့နေချုပ်ဟောင်း မစ္စတာ မာဇူကီး ဒါရူစမန်း (Marzuki Darusman) က Myanmar Nowကို ဖြေဆိုသည်။

တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ  ရိုဟင်ဂျာ ၇ သိန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အင်အားသုံးကာ နှင်ထုတ်ခြင်းအပါအဝင် ရှမ်း၊ ကချင်စသည့် ပြည်နယ်များမှ ဒေသခံအရပ်သားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း ဆောင်ရွက်ခဲ့သည်ဟု အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို Myanmar Now က ဆက်သွယ်မေးမြန်းရာတွင် ကုလအချက်အလက်ရှာဖွေရေးအဖွဲ့၏ အစီအရင်ခံစာပါ အချက်အလက်များသည် တစ်ဖက်သတ်ဆန်ပြီး သမာသမတ်ကျမှုမရှိကြောင်း တုံ့ပြန်ပြောဆိုသည်။

ယင်းအစီအရင်ခံစာကြောင့် တပ်မတော်က စစ်လက်နက်ပစ္စည်းများဝယ်ယူရန် ချုပ်ဆိုထားသည့် စာချုပ်များ ပျက်ပြယ်သွားနိုင်လားဟု မေးမြန်းရာတွင် ကျွန်တော်တို့တော့ အဲဒီလိုမမြင်ပါဘူးဗျ လက်နက်ခဲယမ်းတွေနဲ့ ပတ်သက်ပြီးတော့  ကျွန်တော်တို့နိုင်ငံအနေနဲ့က မိမိကိုယ်ပိုင် လက်နက်ခဲယမ်းတွေကို ထုတ်လုပ်နိုင်တဲ့ အနေအထားလည်းရှိပါပြီ ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံကို အန္ဒိယက တပတ်ရစ် ရေငုပ်သင်္ဘောတစ်စီး ရောင်းချပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် ၃၀ ရက်နေ့က အိန္ဒိယနိုင်ငံအခြေစိုက် မီဒီယာတစ်ခုက ဖေါ်ပြခဲ့ပြီးနောက် အဆိုပါသတင်း မှန်ကန်ကြောင်း တပ်မတော်က အတည်ပြုပေးခဲ့သည်။ အဆိုပါ ရေငုပ်သင်္ဘောအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အန္ဒိယကုမ္ပဏီ Hindustan Shipyard Limited (HSL)က လုပ်ဆောင်ပေးနေသည်။

တပ်မတော်အား စစ်လက်နက်ရောင်းချခွင့်ကို အမေရိကန်ပြည်ထောင်စုနှင့် နီးကပ်သည့်ဆက်ဆံရေးရှိသည့် အနောက်နိုင်ငံအများစုက ပိတ်ပင်ကန့်သတ်ထားသော်လည်း ရုရှား၊ တရုတ်နှင့် အန္ဒိယတို့က ဆက်လက်ရောင်းချနေဆဲဖြစ်သည်။

သို့သော် မြန်မာ့တပ်မတော်ကို အမြန်သွားတိုက်ခိုက်ရေးရေယာဉ်များ ရောင်းချပေးခဲ့ဖူးသည့် အစ္စရေးနိုင်ငံက ၎င်းတို့၏ စစ်လက်နက်ပြပွဲကို တက်ရောက်မည့် မြန်မာ့တပ်မတော်အရာရှိများကို ပြည်ဝင်ခွင့်ဗီဇာပေးရန် ဇူလိုင်လအတွင်းက ငြင်းဆန်ခဲ့သည်။

ဇွန်လအတွင်း ပြုလုပ်ခဲ့သည့် အစ္စရေးစစ်လက်နက်ပြပွဲတစ်ခုကို နိုင်ငံတကာ၏ စစ်လက်နက်ရောင်းချခွင့် ပိတ်ပင်ခြင်းခံရသည့် မြန်မာနိုင်ငံမှ တပ်မတော်အရာရှိတချို့ တက်ရောက်လာခြင်းအား နိုင်ငံတကာမှဝေဖန်မှု မြင့်တက်လာပြီးနောက် ယခုကဲ့သို့ ပြည်ဝင်ခွင့်ဗီဇာပေးရန် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခဲ့သည့် နိုင်ငံများနှင့် ကုမ္ပဏီများ-

တရုတ်

  • Aviation Industry Corporation of China(AVIC)
  • China Aerospace Science and Industry Corporation(CASIC)
  • China Aerospace Science and Technology Corp(CASC)
  • China National Aero-Technology Import & Export Corporation (CATIC)
  • China North Industries Corporation (NORINCO)

မြောက်ကိုရီးယား

  • Kores Mining Development Trading Corporation (KOMID)

အိန္ဒိယ

  • Bharat Dynamics Limited
  • Hindustan Aeronautics Limited

အစ္စရေး

  • Tar Ideal Concepts

ဖိလစ်ပိုင်

  • Armscar International

ရုရှ

  • Irkutsk Corporation, United Aircraft Corporation (UAC)
  • Rostec

စင်ကာပူ

  • Excellence Metal Casting
  • STE Global Trading

ယူကရိန်း

  • Malyeshev Plant
  • Ukrspetsexport and Ukroboronprom

ကိုးကား – ကုလအချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ပြန်သော တပ်မတော်၏ ပင်မစီးပွားရေးလုပ်ငန်းများ အစီရင်ခံစာ

Page 2 of 2

တပ်မတော်ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို တပ်မတော်အရာရှိတစ်ဦးက ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)(ခ)၊ ပုဒ်မ ၅၀၀ တို့ဖြင့် တိုင်ကြားထားမှုကို စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တရားရုံး၌ ယနေ့(ဩဂုတ်လ ၆ ရက်နေ့)တွင် ရုံးထုတ်ခဲ့သည်ဟု အမှုလိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ကိုမင်းအောင်နိုင်က ပြောဆိုသည်။

တပ်မတော်အရာရှိဟောင်းဖြစ်သူ ဦးနေမျိုးဇင်သည် မတ်လ၂၆ ရက်နေ့က ခင်ဦးမြို့တွင် ပြုလုပ်သည့် အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲတွင် ဟောပြောခဲ့သည့်အကြောင်းအရာနှင့် ပတ်သက်ပြီး တပ်မတော်မှ ဒုဗိုလ်မှူးကြီးရဲထွဋ်ဝင်းက လွန်ခဲ့သည့် နှစ်လခန့်က တရားရုံးကိုဦးတိုက်လျှောက်ထားခဲ့သည်ဟု ၎င်းက ဆိုသည်။

ဟောပြောပွဲက ကျွန်တော်ဖိတ်ခဲ့တာပါဆရာဟောပြောတာတွေနဲ့ပတ်သက်လို့ မကျေနပ်လို့ဖွင့်တယ် ပြောတယ်သူတို့က ဗီဒီယိုဖိုင်တစ်ခုလုံး တရားရုံးကို တင်ထားတယ်တိုင်စာမှာ သူတို့မကျေနပ်တဲ့ အကြောင်းအရာတွေပါတယ်ဟု အမှုလိုက်ပါ ကူညီဆောင်ရွက်ပေးသူ ခင်ဦးမြို့ခံ ကိုမင်းအောင်နိုင်က ပြောသည်။

ဦးနေမျိုးဇင်ကို အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲများနှင့်ပတ်က်ပြီး ၎င်းဟောပြောခဲ့သည့် နေရာတိုင်းတွင် လိုက်လံအမှုဖွင့်နေသည်မှာ အာဃာတအရ လုပ်ဆောင်နေသည်နှင့်တူ၍ မဖြစ်သင့်ကြောင်း ဦးနေမျိုးဇင်ကို တိုက်ကြီးမြို့နယ်တွင် စွဲထားသည့်အမှုအတွက် ရှေ့နေဦးရောဘတ်စန်းအောင်က ပြောသည်။

တစ်မှုဆိုတော်ပြီပေါ့၊ ခုက တပ်မတော်က အာဃာတနဲ့ လိုက်ဖွင့်နေသလို ထင်ရတယ်၊ခွင့်ပြုချက်နဲ့လုပ်တဲ့ပွဲမှာ ပြောတဲ့အကြောင်းအရာကို ဥပဒေကြောင်းအရ ငြိစွန်းတယ်ဆိုရင်သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရဲစခန်းတို့က တရားလိုလုပ်ပြီး ဖွင့်ရမှာ၊ ရဲကလုပ်ရမယ့် အလုပ်ပါဟု ၎င်းက ပြောသည်။

လက်ရှိတွင် အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲများမှ ပြောကြားချက်များနှင့်ပတ်သက်ပြီး ဦးနေမျိုးဇင်အား တိုက်ကြီး၊ ဝါးခယ်မ၊ ခင်ဦးတို့တွင် အမှုဖွင့်ထားပြီး ထားဝယ်၊ ကော့သောင်းတို့တွင်လည်း တရားစွဲဆိုမှု လုပ်ဆောင်နေကြောင်း ကြားသိရသည်ဟု ဦးရောဘတ်စန်းအောင်က ဆိုသည်။

ဦးနေမျိုးဇင်ကို ခင်ဦးမြို့နယ်တရားရုံးတွင် ယခုလ ၂၀ ရက်နေ့၌ ထပ်မံရုံးထုတ် စစ်ဆေးမည်ဖြစ်ကြောင်း အမှုလိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ကိုမင်းအောင်နိုင်က ဆိုသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူအဖြစ် လူသိများသော ဗိုလ်ကြီးဟောင်းတစ်ဦးဖြစ်သူ ဦးနေမျိုးဇင်ကို ဧပြီလ ၁ရက်နေ့က တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့ ဗိုလ်ချုပ်ကြေးရုပ်အနီး မြက်ခင်းပြင်၌ ပြုလုပ်သည့် ဟောပြောပွဲတွင် ပါဝင်ဟောပြောခဲ့သည့်အချက်များနှင့်ပတ်သက်၍ တပ်မတော်က တိုက်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

၎င်းပြောကြားချက်များတွင် မိမိလုပ်နေသည့်အလုပ်၊ မိမိကိုယ်ကျင့်စာရိတ္တလောက် ဖြူစင်အောင် တည်ဆောက်နိုင်သည့် စစ်ဗိုလ်ချုပ် တစ်ယောက်မျှမရှိပါကြောင်း၊ မိမိလိုမျိုး နိုင်ငံတော်ဘဏ္ဍာ တစ်ပြားတစ်ချပ်၊ နိုင်ငံတော်မြေ တစ်လက်မတစ်ပေ၊ နိုင်ငံတော်ငွေ တစ်ထောင်တစ်သောင်း၊ နိုင်ငံသားများပိုင်ဆိုင်သည့် အခွင့်အရေးများထဲမှ တစ်စုံတစ်ရာ ဘာတစ်ခုမှ ယူမထားပါဘူးဟု ကြွေးကြော်နိုင်သည့် စစ်ဗိုလ်ချုပ်တစ်ဦးမှ မရှိကြောင်းလည်း ထည့်သွင်းဟောပြောခဲ့သည်။

တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ဒုတိယဗိုလ်မှူးကြီး တိုးလွင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)/(ခ) တို့နှင့် အမှုဖွင့် တရားစွဲထားခြင်းဖြစ်သည်။

ယင်းသို့ အခြေခံဥပဒေပြင်ဆင်ရေး ဟောပြောပွဲများမှ ပြောကြားချက်များကြောင့်ပင် ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တို့တွင်ပါ တပ်မတော်က တရားစွဲဆိုထားခြင်းဖြစ်သည်။

Leave a Reply