Advertisements

မြန်မာ့နိုင်ငံရေး ကို စိတ်ဝင်တစားရှိကြတဲ့ စာဖတ် ပရိသတ်အားလုံး မင်္ဂလာပါ ခင်ဗျာ ၊ ဒီတစ်ပတ်တော့ ထိုင်းနိုင်ငံ မယ်ဆိုင်မြိုအနီး က သဘာဝလှိုဏ်ဂူထဲ မှာ ၁၅ရက်ကြာ ပိတ်မိနေတဲ့ လူငယ်ဘောလုံးသမား နဲ့သူတို့ရဲ့ နည်းပြ ၁၃ ရောက်ကို အသုတ်လိုက်ကယ်ထုတ်တဲ့သတင်းဟာ ကမ္ဘာ့သတင်းဌာနတွေ ရဲ့ထုတ်လွှင့်မှုမှာ အဓိကနေရာယူခဲ့သလို မရှေးမနှောင်းမှာပဲ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ဂျပန်နိုင်ငံ ဟီရိုရှီးမား ဒေသ မှာ ရေကြီးရေလျှံမှုတွေ မြေပြိုမှုတွေ အပြင်းအထန်ဖြစ်ပွားခဲပြီး လူနေအိမ်အများအပြား ဆုံးရှုံးပျက်စီး ခဲ့ရသလို လူ ၂၀၀ လောက်သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းဟာလည်း ကျွန်တော်တို့ ပြည်တွင်း က သတင်း ပရိသတ် အတွက် ဒီတစ်ပတ် စိတ်ဝင်စားစရာ သတင်းတွေဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေ အကြားမှာ ပြည်တွင်းသတင်းအနေနဲ့ လှုပ်ရှားနေရာယူခဲ့တဲ့သတင်းတွေကတော့ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ နဲ့ အရေးယူခံထားရတဲ့ ရိုက်တာ သတင်းဌာနက မြန်မာ ဌာနေသတင်းထောက် ၂ ဦး အပေါ် အစိုးရက စွဲဆိုထားတဲ့ စွဲချက်ကို တရားရုံးက လက်ခံ လိုက်တဲ့သတင်း နဲ့ လပေါင်းများစွာရွှေ့ဆိုင်းနေခဲ့ရပြီးမှ စတင်နိုင်ခဲ့တဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ သတင်းပဲဖြစ်ပါတယ် ။

လက်ရှိတပ်မတော် နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ပွားနေသော ကေအိုင်အို ၊ တအာင်းပလောင် နဲ့ AA ရခိုင်အဖွဲ့တွေ ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေကိုပါ ပင်လုံညီလာခံတက်ရောက်ဖို့ အစိုးရက ဖိတ်ကြားခဲ့ပြီး မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ကလည်း တရုတ်နိုင်ငံ ရဲ့ကြားဝင်စီစဉ်ပေးမှုကြောင့်ညီလာခံကိုတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်လို့ ပင်လုံညီလာခံ သတင်းနဲ့ နောက်ဆက်တွဲသတင်းတွေဟာ ပရိသတ် ရဲ့ စိတ်ဝင်စားမှုတွေကို လက်တလော စွဲဆောင်ထားပါတယ် ။

ဒါကြောင့် ဒီတစ်ပတ် ပြည်တွင်းနိုင်ငံရေး သတင်းမြင်ကွင်းအနေနဲ့ ရိုက်တာ သတင်းထောက် ၂ ယောက် အရေး နဲ့ ပင်လုံညီလာခံ ဂယက်ရိုက်မှု သတင်းသုံးသပ်ချက်တွေကို တင်ပြလိုက်ပါတယ်။

ကြည့်မကောင်းဘူး

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးကနေ ရိုက်တာသတင်းထောက်တွေ အပေါ် အစိုးရဘက်က စွဲဆိုထားတဲ့ ပုဒ်မနဲ့ စွဲချက် တင်ပြီး အပြစ်ရှိမရှိ သုံးသပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ မြန်မာတရားရေးစနစ်အရ အခုအချိန်မှာ နှစ်ဖက်သော ကနဦးလျှောက်လဲချက်တွေ ကိုကြားနာပြီး တရားလိုဘက်က စွဲဆိုထားသောပုဒ်မ တွေနဲ့ စွဲချက်တင်ထားတဲ့ စွပ်စွဲချက်ဟာ သက်သေ အကြောင်းတရားတွေ မခိုင်လုံခဲ့ဘူးလို့ တရားရုံးအနေနဲ့ ယူဆခဲ့မယ် ဆိုရင် တရားသေ လွှတ်မယ့်အမိန့်ကို အပြီးသတ်မှာ ချမှတ်မှာဖြစ်ပါတယ်။

တရားရုံးက စွဲချက်ကို လက်ခံပြီး နောက်မှာလည်း တရားခံဘက်က ဖြေရှင်းချက် ပေးဖို့ အခွင့်အရေးရှိပါတယ် ။ သို့သော်လည်း တရားခံဘက်က အပြစ်မရှိကြောင်း ခုခံချေပခွင့် ရှိနေသေးပေမယ့် စွဲချက်ကို တရားရုံးက တရားခံရင်ဆိုင်ဖြေရှင်းသင့်တဲ့ စွဲချက် အဖြစ် မှတ်ယူ လက်ခံထားတဲ့ အတွက် တရားရုံးက စွဲချင်တဲ့ဘက်ကရှိနေသလို တရားခံ ဘက်ကပူပန်မှုရှိကြပါတယ် ။

ဒါကြောင့် နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေနဲ့တရားစွဲဆိုခြင်း ခံနေရတဲ့ ရိုက်တာသတင်းထောက်၂ ယောက် ကိစ္စနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာ တရားလိုဘက်က စွဲချက်ကို တရားရုံးက လက်ခံ လိုက်တဲ့ အတွက် ရိုက်တာ သတင်းဌာနရဲ့ ဌာနေ သတင်းထောက် ၂ ဦးဖြစ်တဲ့ ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ ၂ ဦးဟာ ပြစ်ဒဏ်တွေကျခံရတော့မယ်ဆိုတဲ့ ယူဆချက်နဲ့ ပူဆွေးသောကရောက်မှုတွေ ဟာ သတင်းထောက် နဲ့ ၎င်းတို့ မိသားစု အသိုင်းအဝိုင်းများ ချက်ချင်းဆိုသလိုပျံ့နှံ့သွားပါတယ်။

အဲဒီရိုက်ခတ်မှုနဲ့ နောက်ဆက်တွဲ ကတော့ ဒီရိုက်တာပြဿနာ နဲ့ပတ်သက်ပြီး အခုလို တရားရုံး က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် ကြောင့် မီဒီယာလောကသားတွေဟာ အစိုးရ ၊ တပ်မတော် စတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ နဲ့သက်ဆိုင်တဲ့ သတင်းတွေကို ရေးသားဖော်ပြဖို့ အရေးမှာ သူတို့အပေါ် ပြင်းထန်တဲ့ သတိပေး ခြိမ်းခြောက်မှုကြီးတွေ ဖိအားတွေ ရှိပြီးနေပြီး သတင်းထောက်တွေရဲ့ ဘဝဟာ မလုံခြုံတော့ဘူး ဆိုတဲ့ သာဓက တစ်ခုအဖြစ် ထောက်ပြဝေဖန်လာကြပါတယ် ။

ဒီနေရာမှာ လူတွေသတိမထားမိတဲ့ ထူးခြားချက်တစ်ခုရှိနေပါတယ် ။ အဲဒါကတော့ ရိုက်တာသတင်းထောက်တွေ အပေါ် ပြုလုပ်ထားတဲ့ စွပ်စွဲချက်တွေဟာ ဖမ်းဆီးစဉ်ကတစ်မျိုးဖြစ်ခဲ့ပြီး နောက်ဆုံး ရုံးတော်မှာ လျှောက်လဲစဉ်မှာတစ်မျိုးဖြစ်ခဲ့ရုံမက တရားလို သက်သေ ဒုရဲမှူးဟောင်း မိုးရန်နိုင် ကိုယ်တိုင် သတင်းထောက်တွေဟာ အမှုဆင်ပြီး အဖမ်းခံခဲ့ရတာပါလို့ တရားရုံးမှာ ထုတ်ဖော်ပြောကြားခဲ့ပေမယ့် တရားဥပဒေ စိုးမိုးရေး လို့ကြွေးကြော်နေသော လွှတ်တော် နိုင်ငံရေး အသိုင်းအဝိုင်းက ဆိတ်ဆိတ်ငြိမ်နေကြခြင်းပဲဖြစ်ပါတယ်။

NLD ဘက်ကရော အတိုက်အခံ ပါတီတွေဘက်ကပါ တုပ်တုပ်မျှ မလှုပ်ကြတာကိုတွေ့ကြရပါတယ်။ ဒီပြဿနာ မှာ နိုင်ငံရေးသမား တွေအနေနဲ့ တစ်ဖက်ဖက်ကရပ်တည်ပေးရမယ်လို့ ဆိုလိုခြင်းမဟုတ်ပါ၊ ဒီပြဿနာက ကမ္ဘာ အထိရိုက်ခတ်နေပြီး တိုင်းပြည်ရဲ့ အုပ်ချုပ်ရေး နဲ့တရားစီရင်ရေး မဏ္ဍိုုင်တွေကို စိန်ခေါ်နေတာဖြစ်ပါတယ်။ ဘယ်နိုင်ငံရေးသမားကမှ လွှတ်တော်အတွင်းမှာ မေးခွန်းထုတ်တာ ဆွေးနွေးတာတွေ လုပ်ဖို့ ကြိုးစားသံမကြားရတာဟာထူးခြားနေပါတယ်။

တကယ်တော့ ဒီရိုက်တာ သတင်းထောက်ပြဿနာဟာ နိုင်ငံတကာ ဖိအားတွေကို အားမြှင့်ပေးနိုင်ရုံမက တိုင်းပြည်ရဲ့ တရားဥပဒေ ကျင့်သုံးမှု အပိုင်းနဲ့ ပတ်သက်ပြီး နိုင်ငံတကာ က သံသယတွေ ရှိနေချိန်မှာ ထပ်ပြီးအထင်လွဲမှုတွေ ၊ သံသယတွေကို ပိုမိုအားကောင်းလာစေနိုင်မှာဖြစ်ပါတယ် ။

နောက်ထပ် လွှတ်တော် နိုင်ငံရေး သမားတွေ အနေနဲ့ ပိုပြီး အလေးအနက်ထားသင့်တဲ့ ကိစ္စကတော့ အခု ရိုက်တာသတင်းထောက်တွေကို စွဲထားတဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေပဲဖြစ်ပါတယ် ။ တကယ်တော့ ဒီဥပဒေဟာ မီဒီယာ သမားတွေတင်မက လျှို့ဝှက်စာရွက်စာတမ်းတွေ နဲ့ အလုပ်လုပ်ရလေ့ရှိတဲ့ လွှတ်တော် အမတ်များသည်လည်း ကြုံရနိုင်ပါတယ် ။

တကယ်တော့ ဒီဥပဒေ ဟာ ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုအပ်နေတဲ့ ဥပဒေ အဖြစ် ဥပဒေ သမားများက ထောက်ပြပြောဆိုနေတာကြာခဲ့ပြီဖြစ်ပါတယ် ။ ယခင် နဝတ စစ်အစိုးရ ခေတ်က NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကြည်မောင် ဟာ နဝတ အစိုးရရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ခင်ညွှန့် ထံက ပေးပို့တဲ့ စာကို ပြည်ပ မီဒီယာမှာထုတ်ဖော်ပြောကြားခဲ့တဲ့ အတွက် အဲဒီ နိုင်ငံတော် လျှို့ဝှက်အပ် ဥပဒေနဲ့ပဲ အရေးယူခံခဲ့ရပါတယ် ။

ဒီ ဥပဒေ ဟာ အချုပ်အခြာ အာဏာ အခိုင်အမာရှိတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ ရှိကို ရှိရမှာဖြစ်ပေမယ့် ခေတ်မမီတော့တဲ့အပြင် လက်ရှိ ခေတ်စနစ်အရလည်းကိုက်ညီမှုမရှိတော့တဲ့ လက်ရှိ ဥပဒေရဲ့ ပြဋ္ဌာန်းချက်တွေကတော့ ပြန်လည်သုံးသပ်ဖို့လိုနေတာတော့အသေအချာပဲဖြစ်ပါတယ်။

သို့သော်လည်းရခိုင်အရေးအခင်းနဲ့လည်းဆက်နွယ် ပတ်သက်မှုရှိနေတဲ့ ဒီ ရိုက်တာသတင်းထောက် ၂ ဦး အရေးယူခံရခြင်းဖြစ်စဉ် နဲ့ပတ်သက်ပြီး ဥပဒေပြု မဏ္ဍိုင်ကြီးတစ်ခုလုံးက မဆိုင်သလိုနေနေတာကတော့ အတော်လေးကြည့် မကောင်းဘူးလို့ ဆိုရပါလိမ့်မယ်။

မကြီးနိုင်တဲ့သဘောထားတွေကြောင့်

နောက်ထပ် ထူးခြား သတင်းဖြစ်စဉ်တစ်ခုဖြစ်တဲ့ ၂၁ ရာစုပင်လုံ ငြိမ်ချမ်းရေး ညီလာခံ တတိယအကြိမ်ကျင်းပခြင်းအကြောင်းအနည်းငယ် သုံးသပ်လိုပါတယ် ။ အားလုံးသိပြီးဖြစ်တဲ့ အတိုင်း NLD အစိုးရသစ်လက်ထက်မှာ ၂၁ ရာစု ပင်လုံ နာမည်နဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးကို စတင် ကျင်းပလာခဲ့ပြီး အစိုးရ သက်တမ်း၂ နှစ်ကျော်ကြာမြင့်ခဲ့တဲ့ အချိန်မှာ အခုအခါ ၃ ကြိမ်မြောက်ကျင်းပတာပဲဖြစ်ပါတယ်။ အခုလို တတိယ အကြိမ် ညီလာခံကျင်းပဖို့ ကြိုးပမ်းနေခဲ့တာ မူလရည်ရွယ်နေတဲ့ အချိန်ထက် ၅ လ လောက်ပိုပြီးကြာမြင့် သွားခဲ့ပါတယ်။

သို့သော်လည်း NLD အစိုးရ လက်ထက်ငြိမ်းချမ်းရေး အသီးအပွင့်အဖြစ် မွန်ပြည်သစ်ပါတီဟာ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့သစ်အဖြစ် အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်လာပါတယ် ။ အခုကျင်းပတဲ့ တတိယ အကြိမ် ညီလာခံမှာ စိတ်ဝင်စားဖို့ အကောင်းဆုံးကတော့ စစ်ရှိန်အားကောင်းနေတဲ့ မြောက်ပိုင်း ဒေသက က မြောက်ပိုင်း မဟာမိတ် အဖွဲ့ရဲ့ ညီလာခံတက်ရောက်ခြင်းပဲဖြစ်ပါတယ်။

တစ်ဖက်မှာ အစိုးရ နဲ့ တပ်မတော် က အဖွဲ့၇ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ကို အသိအမှတ်မပြုပေမယ့် တစ်ဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲရေး စာချုပ် NCA လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး စကားဝိုင်းကို ပါဝင်လာလိမ့်မလားဆိုတဲ့ ရည်မှန်းချက် နဲ့ဖိတ်ကြားခဲ့ပေမယ့် NCA လမ်းကြောင်းအတိုင်းမဟုတ်ဘဲ သီးခြားလမ်းကြောင်း တစ်ခုနဲ့ ငြိမ်းချမ်းရေးကို ချဉ်းကပ်ဖို့ လိုလားနေတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေ ကတော့ သူတို့ ကိုင်စွဲထားတဲ့ အယူအဆကို ညှိနှိုင်းရကောင်းရဲ့ ဆိုပြီး အစိုးရရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး ညီလာခံကိုတက်ရောက်လာတာပဲဖြစ်ပါတယ်။

ဒီလိုအစိုးရ ၊တပ်မတော် နဲ့ပြဒါး တစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့ မြောက်ပိုင်းအဖွဲ့တွေအကြားမှာ အခုလို ယာယီတွေ့ဆုံညှိနှိုင်းခွင့်ရရှိအောင် အဓိကကြားဝင်ဆောင်ရွက်ပေးတဲ့ ဇာတ်ကောင်ကတော့ တရုတ်နိုင်ငံ အစိုးရပဲဖြစ်ပါတယ် ။ အစိုးရ အနေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ KIA ၊ TNLA ၊ AA ၊ MNDAA အပါအဝင် မြောက်ပိုင်းအဖွဲ့ ခေါင်းဆောင် UWSA ဝ’ အဖွဲ့ ၊ မိုင်းလားအဖွဲ့ SSP/SSAအဖွဲ့ တွေကို တစ်ဖွဲ့ချင်းစီ သီးခြားဖိတ်ကြားခဲ့ပြီး ဖိတ်စာတွေကို တရုတ် နိုင်ငံ အစိုးရ ဆီကနေ တစ်ဆင့် ပေးပို့ဖိတ်ကြားခဲ့တာဖြစ်ပါတယ် ။

တရုတ် အစိုးရဟာ ဒီဖိတ်ကြားမှု အတွက် တရုတ် အထူးကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်းပြီး မြောက်ပိုင်း အဖွဲ့တွေရဲ့ နေပြည်တော် ခရီးစဉ်ကို အစအဆုံး ဦးဆောင် စီမံပေးခဲ့ပါတယ် ။ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးကအစ နေပြည်တော်မှာ ရောက်ရှိနေခဲ့ပြီး မြောက်ပိုင်းအဖွဲ့တွေနဲ့ အနီးကပ် အခြေအနေတွေကို လေ့လာ နေခဲ့ပါတယ် ။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေး ဦးစီးချုပ် ၊ စတဲ့ အစိုးရထိပ်တန်း ပုဂ္ဂိုလ်တွေ နဲ့ သီးခြားတွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တဲ့ မြောက်ပိုင်းအဖွဲ့တွေ ရဲ့ သွားလေရာ ကို တရုတ် ကိုယ်စားလှယ် အဖွဲ့ အမြဲလို အနီးကပ် ဝန်းရံနေခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟာ အခုလို မြောက်ပိုင်းအဖွဲ့တွေ မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး လာရောက်ဆွေးနွေးနိုင်ဖို့ အစစ အရာရာစီမံဆောင်ရွက် ပေးခဲ့ တာ အခုအကြိမ်ဟာ ဒုတိယ အကြိမ်ပဲဖြစ်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေ ရဲ့သတင်းတွေကိုရယူဖို့ကြိုးစားနေတဲ့ မီဒီယာတွေ က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဆုံတွေ့စဉ် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တရုတ်နိုင်ငံ ပါဝင်နေမှုနဲ့ပတ်သက်ပြီး သူ့ကို မေးမြန်းရာမှာ သူက ” တရုတ် မြန်မာနယ်စပ်မတည်ငြိမ်မှုတွေ ရဲ့ဒဏ်ကို တရုတ်နိုင်ငံက အတော်ခံစားနေခဲ့ရတာကြောင့် အခုလို အပြုသဘော ငြိမ်းချမ်းရေး အကျိုးဆောင်မှုဟာ တရုတ်နိုင်ငံအတွက်အလွန်အရေးကြီးပါတယ် လို့ပြောခဲ့ပါတယ် ။

တရုတ်နိုင်ငံဟာ သူ့ရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ အတွက် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ သူ့ရဲ့ လွှမ်းမိုးချယ်လှယ်နိုင်မှု အတိုင်းအတာကို အသုံးပြုပြီး တရုတ်နိုင်ငံကို မလွန်ဆန်နိုင်တဲ့ အဖွဲ့တွေကို စုစည်းလို့ ငြိမ်းချမ်းရေး အစည်းအဝေးရှိရာ နေပြည်တော်အထိ အရောက်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီအဖြစ်အပျက် က မီးမောင်းထိုးပြနေတာကတော့ ကိုယ့် တိုင်းရင်းသား အချင်းချင်းပြေပြေလည်လည် မပြောနိုင်ကြလို့ တိုင်းတစ်ပါး သြဇာ ၊ တိုင်းတစ်ပါး အကူအညီကို အခုလို မှီခိုရတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ် ။

ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စမှာ အိမ်နီးချင်းနိုင်ငံတစ်ခုအပေါ် အခုလောက် အားထားနေရတာဟာ တိုင်းပြည် မညီညွတ်မှုကြောင့် လက်ငင်း ပေးလိုက်ရတဲ့ ပြည်ပ စွက်ဖက်ခွင့် အခွင့်အရေးပဲဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်ကကြည့်မယ်ဆိုရင် မြန်မာပြည် ငြိမ်းချမ်းရေး မှာ အခုလို နက်နက်ရှိုင်းရှိုင်းဝင်ပြီး ကူညီနေတာဟာ တရုတ်နိုင်ငံရဲ့ ရေရှည် အကျိုးစီးပွားကို တည်ဆောက်နေတာပဲဖြစ်ပါတယ် ။

သူ့ ဘက်ကကြည့်ရင် သူလုပ်သင့်လုပ်ထိုက်တာကိုလုပ်နေတယ်လို့ပြောလို့ရပေမယ့် ကိုယ့်တိုင်းပြည်အနေနဲ့တော့ မဖြစ်သင့် မဖြစ်ထိုက်တာတွေဖြစ်နေရတယ်ဆိုတဲ့ အခြေအနေပဲဖြစ်ပါတယ်။ အခုဆိုရင် အားလုံးသိကြတဲ့အတိုင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းရတဲ့အခါမှာ ဗီတို အာဏာ ပိုင်ဆိုင်ထားတဲ့ တရုတ်နိုင်ငံကို အားကိုးနေရသလို့ အခုအခါ ပြည်တွင်းငြိမ်းချမ်းရေးမှာလည်း တရုတ်ကို အားကိုးနေရပြန်ပါတယ် ။

ရေရှည် တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုတည်ဆောက်ရာမှာ တရုတ်နိုင်ငံရဲ့ လောင်းရိပ်အောက်ကနေလွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေဖို့လိုပါတယ်။ သို့သော် လည်း အခုအချိန်မှာတော့ စီးပွားရေးအပြင် နိုင်ငံရေး ၊ နိုင်ငံတကာအရေးအထိ အားကိုးအားထားပြုနေရတာကိုတော့ သတိထားဆင်ခြင်ဖို့လိုလာပြီဆိုတာပြောချင်ပါတယ်။

ကိုယ့်တိုင်းပြည် အနေနဲ့ မစွမ်းသာတဲ့ ကိစ္စတွေ မှာ အင်အားကြီး မိတ်ဆွေနိုင်ငံတွေရဲ့ အကူအညီကို ရယူတတ်ရပေမယ့် အခု ပြဿနာတွေကိုလေ့လာကြည့်မယ်ဆိုရင် ကိုယ်အချင်းချင်း ညှိနှိုင်းမရ ၊ ကိုယ့်အချင်းချင်း သေးသေးတင်မခံချင်တဲ့ စိတ်တွေကြောင့် အခုလို ကြုံတွေ့နေရပြီး တိုင်းတပါးကို အားပြုနေတာဖြစ်ပါတယ် ။ ဒါကြောင့်ပင်လုံ အတွေ့အကြုံ၊ ပင်လုံသင်ခန်းစာအဖြစ် ကိုယ့်တိုင်းရင်းသားအချင်းချင်း ညီညွတ်နိုင်ရဲ့သားနဲ့ မကြီးနိုင်တဲ့ သဘောထားတွေ ကြောင့် ပေါင်းစည်းမရနိုင်ကြတဲ့ သဘောကို ကြည့်မြင်ပြီး အားလုံး ပြုပြင်ပြောင်းလဲကြဖို့ တိုက်တွန်းလိုက်ပါတယ် ။

(သီဟသွေး)

Advertisements
<

Leave a Reply