မြန်မာ့နိုင်ငံရေး သတင်းမြင်ကွင်း

မြန်မာ့နိုင်ငံရေး သတင်းတွေကို စိတ်ဝင်တစားရှိကြတဲ့ စာဖတ်ပရိသတ်များ အားလုံး မင်္ဂလာပါ ခင်ဗျာ။ ပြီးခဲ့ တဲ့တစ်ပတ် လုံးလုံး ကရင်ပြည်နယ် ၊ မွန်ပြည်နယ် ပဲခူးတိုင်း ဒေသတွေက ရေကြီးနစ်မြုပ်မှုသတင်းတွေက နေရာယူထားပါတယ် ။ ရေစပြီး ကြီးခါစ မှာပဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကရင်ပြည်နယ် ဘားအံမြို့ က ရေဘေး ဒုက္ခသည်တွေဆီကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တာတွေ့ရပါတယ် ။ ရေထရက်လို့ခေါ်တဲ့ ပင်လယ် ဒီရေတိုးတဲ့ ရက် နဲ့ တိုက်ဆိုင်သွားတာကြောင့် အပေါ်ဘက်မှာမိုးကြီးလို တဟုန်ထိုး အလုံးအရင်းနဲ့ စီးဆင်းလာတဲ့ တောင်ကျရေ ၊ မြစ်ရေတွေဟာ ပင်လယ်ထဲ လုံးလုံး စီးဆင်းမသွားနိုင်ဘဲဘေးကို လျှံထွက်လာတာကြောင့် မြစ်ကြောင်းတစ်လျှောက် ဘေးပတ်ဝန်းကျင် ဝဲယာ မှာရှိတဲ့ ရွာတွေ မြို့တွေအများအပြား ရေနစ်မြုပ်ခဲ့ရပါတယ်။ ထိစပ်နေတဲ့ ပဲခူးတိုင်း ၊မွန်ပြည်နယ် နဲ့ ကရင်ပြည်နယ် ဒေသကြီးသုံးခုအကြား အပြိုင် ဖြတ် သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ စစ်တောင်းမြစ်ကြီး နှစ်စင်းရဲ့ နှစ်ပေါင်း ၅၀ အတွင်းမှာ စိုးရိမ်ရေ မှတ်အပေါ် ရေမျက်နှာမြင့်တက်မှု ဟာ အမြင့်ဆုံးစံချိန်ချိုးခဲ့တယ်လို့ဆိုပါတယ်။

ဒါကြောင့် ပဲခူးတိုင်း ၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ထဲမှာ ကြီးမားတဲ ထိခိုက် ဆုံးရှုံးမှုတွေဖြစ်ပေါ် ခဲ့ပြီး လူပေါင်း တစ်သိန်းကျော် ကို ရေဘေးဒုက္ခတွေသင့်စေခဲ့ပါတယ်။ အဲဒီလို့ ရေကြီးရေလျှံတဲ့ သတင်းနဲ့ အတူ လူတွေအကြားမှာ လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့နောက်သတင်းတစ်ပုဒ်ကတော့ နိုက်ကလပ်တစ်ခု မှာ လူအုပ်စု နဲ့ရန်ပြုတိုက်ခိုက်ခံခဲ့ရတာကြောင့် ဟာသ သရုပ်ဆောင်အောင်ရဲထွေး ဆိုသူသေဆုံး ခဲ့ ရတဲ့ အမှုမှာ ကျူးလွန်သူ သံသယ တရားခံတွေ ကို တရားရုံးက သက်သေ မခိုင်လုံဘူးလို့ ဆိုပြီး အမှုကိုရုပ်သိမ်းကာ တရားရှင် လွှတ်ပေးခဲ့ရာက ပြည်သူလူထုအကြား မကျေနပ်မှုတွေ မြင့်တက်ပြီးဝေဖန်မှုတွေအပြင်းအထန်ထွက်ပေါ်ခဲ့တာကြောင့် နိုင်ငံတော် သမ္မတ က ဒီ အမှုကိစ္စကိုမေးမြန်းစုံစမ်းပြီး လိုအပ်တဲ့အရေးယူဆောင်ရွက်မူတွေ ညွှန်ကြားမှုတွေ လုပ်လာရတဲ့သတင်းပဲဖြစ်ပါတယ်။

ဒီတစ်ပတ် ထဲမှာပဲ နိုင်ငံခြားသား ပါဝင် ဖွဲ့စည်းမယ်လို့ဆိုခဲ့တာကြောင့် မကြာသေးမီက အတော်လေး ပွဲဆူ ခဲ့တဲ့ ရခိုင် ပဋိပက္ခဖြစ်စဉ် အတွင်း အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ကို စုံစမ်းစစ်ဆေးမယ့် အဖွဲ့ မှာ ဦးဆောင်ပါဝင်မယ့်နိုင်ငံခြားသားတွေရဲ့ အမည်နဲ့ သူတို့ရဲ့ နောက်ခံ ရာဇဝင်အကျဉ်းကို အစိုးရ က တရားဝင် ထုတ်ပြန်လိုက်တဲ့ သတင်းဟာလည်းစိတ်ဝင်စားစရာကောင်းပါတယ်။ သို့သော်လည်း ရေကြီးတဲ့ သတင်း ၊ လူသတ်တရားခံတွေ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တဲ့ သတင်းက အားကောင်းနေတာကြောင့် ဒီ ရခိုင် စုံစမ်းစစ်ဆေးရေး ကော်မတီသတင်းအပေါ် ဝေဖန်ပြောဆိုမှုတွေတော့ မတွေ့ရသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီတစ်ပတ်မှာတော့ ရေပန်းအစားဆုံး သတင်း ၂ ပုဒ်ကိုရွေးထုတ် သုံးသပ်ခွင့်ပြုပါ ။

ဒါတွေအားနည်းတယ်

ပထမဆုံး သုံးသပ်ချင်တာကတော့ အခုဖြစ်ပေါ်ခဲ့တဲ့ မွန်နဲ့ ကရင်ပြည်နယ် အပါအဝင် အရှေ့ဘက် မြစ်ကြီးများတစ်လျှောက် ရေကြီး ရေလျှံမှုတွေကို အကြောင်းပြုပြီး မထင်မှတ်တဲ့ သဘာဝဘေး အန္တရာယ် နဲ့ ဒေသန္တရ အုပ်ချုပ်ရေးကိစ္စပဲဖြစ်ပါတယ်။ အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ ကျွန်တော်တို့ နိုင်ငံဟာ ဓန အင်အားတောင့်တင်းမှုမရှိတာကြောင့် အခုလို သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ကာကွယ်ဖို့၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိရောက်စွာလုပ်ကိုင်ဖို့ ခေတ်မီ အစွမ်းထက်တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေကို လုံလုံလောက်လောက် ကျယ်ကျယ် ပြန့်ပြန့် ဖွဲ့စည်းတည်ထောင်မထားနိုင်ပါဘူး ။ သို့သော်လည်း သဘာဝဘေး အန္တရာယ်တွေ ကြုံတွေ့ရတဲ့ အခါတိုင်း မှာ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းတွေအပြင် ဒေသတွင်း အခြေစိုက် တပ်မတော်တပ်ရင်း တပ်ဖွဲ့တွေ ၊ ပုဂ္ဂလိက ပရဟိတ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဟာ တတ်စွမ်းသရွေ့ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အင်တိုက်အားတိုက်ဆောင်ရွက်ကြလေ့ရှိပါတယ်။ သို့သော်လည်း ရုတ်တရက်ဖြစ်ပေါ်လာတဲ့ အခြေအနေ အပေါ် ကိုယ့်မှာ ရှိတဲ့ အားနဲ့စွမ်းသလောက် အကောင်းဆုံး တုံ့ပြန် လုပ်ဆောင်ကြရတဲ့ အနေအထားပဲဖြစ်ပါတယ်။ ဒါကြောင့် အခုလို စစ်တောင်းမြစ် နဲ့သံလွင်မြစ်ဝှမ်း တစ်လျှောက်ဖြစ်ပေါ်ခဲ့တဲ့ သဘာဝ ရေကြီးရေလျှံမှု အပေါ် ရင်ဆိုင်တုံ့ပြန်ဖြေရှင်းကြရာမှာ အောက်ပါ အားနည်းချက်တွေ ကိုတွေ့ကြရပါတယ်။

(၁) သဘာဝရေဘေး အန္တရာယ် ကျရောက်နိုင်ခြင်း အတိုင်းအတာကို ကြိုတင်ခန့်မှန်းရရှိထားသော်လည်း ကျရောက်နိုင်မယ့် နယ်မြေဒေသတွင်း ပြည်သူလူထုနဲ့အုပ်ချုပ်ရေး အဖွဲ့တွေကြား လျင်မြန်စွာပူးပေါင်းဖွဲ့စည်းတုံ့ပြန်နိုင်မည့်စီမံမှု မရှိခြင်း

(၂) လူအများ အစုလိုက် အပြုံလိုက် ဘေးအန္တရာယ်ကင်းရှင်းရာသို့ အချိန်မီရွှေ့ပြောင်းနိုင်သည့် နည်းဗျူဟာ နှင့် ယန္တရား အားနည်းချက်ကြီးမားစွာရှိခြင်း

(၃) သဘာဝဘေးအန္တရာယ် ကျရောက်နေစဉ် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများအား ဘေးအန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်သည့် လက်နက်ကိရိယာ ပြည့်စုံ၍ စနစ်တကျလေ့ကျင့်ထားသော ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ လုံလောက်စွာ မရှိခြင်း

(၄) ကယ်ဆယ်ရွှေ့ပြောင်းပြီး ဒုက္ခသည်များအား လုံလောက်သည့် ဖူလုံရေး နှင့် ကိုယ်စိတ်နှလုံးကျန်းမာမှုစောင့်ရှောက်ရေး ကယ်ဆယ်ရေး နောက်ဆက်တွဲ အစီအမံများ စနစ်မကျခြင်း ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။

ပုံမှန်အခြေအနေမှာတောင် အစိုးရအနေနဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေ ကို ရုန်းကန်လုပ်ဆောင်နေရတာဖြစ်လို့ ဒီလို ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ်တွေကိုရင်ဆိုင်ရတဲ့ အခြေအနေမှာ အစိုးရ ရဲ့စွမ်းဆောင်ရည် ကို ဝေဖန်ရတာဟာ အနိုင်ကျင့်သလိုဖြစ်နေလို့ နိုင်ငံရေး ဘက်ကလှည့်ပြီး သုံးသပ်ထောက်ပြချင်တာလေးရှိပါတယ်။ အဲဒါကတော့ ဒီလို သဘာဝ ဘေးအန္တရာယ် ကာကွယ်ရင်ဆိုင်ရေး ဆိုင်ရာ ထိရောက်တဲ့ စီမံခန့်ခွဲမှုပြဿနာကို လေ့လာကြည့်တဲ့ အခါမှာ ဖက်ဒရယ် အုပ်ချုပ်ရေးမူ ဟာ အဓိကကျတဲ့ လိုအပ်ချက်အဖြစ် အထင်အရှားတွေ့မြင်ရခြင်းပဲဖြစ်ပါတယ်။ တကယ်တော့ အရင် ဦးသိန်းစိန်အစိုးရ နဲ့ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်တွေ မှာသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အတွက် အလေးအနက်ထားတဲ့သဘော ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ်ခဲ့တာတွေ့ ခဲ့ရပြီးဖြစ်ပါတယ်။ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နဲ့ ပတ်သက်ပြီး အမျိုးသားအဆင့် ကော်မတီတွေဖွဲ့ခဲ့ကြပြီး ရန်ပုံငွေတွေထူထောင်ထားရှိခဲ့ကြသလို ဒေသအလိုက် ဘေးကင်းလုံခြုံရေး စင်တာတွေဖွင့်ဖို့ စီမံချက်ရေးဆွဲတာတွေ လုပ်ခဲ့တာလည်းတွေ့ရပါတယ်။

အခု ရေကြီးမှု ဖြစ်ပွားနေတဲ့ ဘားအံမြို့မှာ ဆိုရင် သဘာဝ ဘေးအန္တရာယ် ရန်ပုံငွေ နဲ့ ဆောက်လုပ်မယ့် သဘာဝ ဘေးအန္တရာယ် ခိုလုံရာ အဆောက်အဦ မြေနေရာကို မနှစ်ကမှ ဒုသမ္မတ ဦး ဟင်နရီဗန်ထီးယူ ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့တာကို တွေ့ရပါတယ်။ လူ ၄၀၀ ခိုလှုံနိုင်ဖို့ ဆောက်လုပ်မယ့် အဲဒီအဆောက်အဦဟာ အခုနှစ်ရေကြီးတဲ့ အချိန်မှာ အဆင်သင့် မဖြစ်နိုင်သေးတာကတော့အသေအချာပဲဖြစ်သလို အခုရေကြီးမှုကြောင့် ကရင်ပြည်နယ် အတွင်းမှာ ရေဘေးဒုက္ခသည်ပေါင်းက ၂ သောင်းကျော်ရှိသွားတာဖြစ်လို့ အစိုးရ ရဲ့ အစီအမံတွေဟာ လက်တွေ့ မှာလုံလောက်မှုမရှိသေးဘူး ဆိုတာ အားလုံးအတွက်မြင်သာနေပါတယ်။ ဒါကြောင့် ပြည်ထောင်စု အစိုးရ ရဲ့ အစီအမံတွေ အမြင်စွမ်းအားတွေဟာ လက်တွေ့မှာ ဒေသန္တရအခြေအနေတွေ နဲ့ အံဝင်ခွင်ကျ မဖြစ်တာ ၊ ဒေသခံပြည်သူူတွေ နဲ့ မချိတ်ဆက်မိတဲ့ သဘော ကို အခု ရေကြီးရေလျှံမှုမှာမြင်တွေ့ကြရပါတယ်။

ဒါကြောင့် ပြည်နယ်အရေး ကိစ္စတွေမှာ လက်တွေ့ ဒေသခံ ပြည်သူလူ ထု ရဲ့ ဘဝ ထဲ အထိ ထဲထဲဝင်ဝင်ရှိရုံ မက သူတို့ ရဲ့ စိတ်ပါဝင်စားမှု နဲ့ စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်မှုကိုပါ ဆွဲဆောင် စည်းရုံးနိုင်တဲ့ စီမံ အုပ်ချုပ်ရေး ပုံစံတစ်ခု ချမှတ်တည်ဆောက်နိုင်ဖို့လိုအပ်နေပြီဆိုတဲ့ သဘောကို နားလည်ဖို့လိုပြီလို့မြင်ပါတယ် ။ ဒါဟာလည်း ဖက်ဒရယ် အုပ်ချုပ်ရေးစနစ်ရဲ့အခြေခံသဘောတရားကို အားပေးတဲ့ အယူအဆ နဲ့ ချဉ်းကပ်မှုပဲဖြစ်ပါတယ် ။ ဖက်ဒရယ် ကိုယ်ပိုင်အုပ်ချုပ်ရေးမူကို အချို့က အခွန်အတုတ်ကောက်ခံခွင့်တွေ တိုးမြှင့်ပေးလိုက်ရုံ ၊ ဒေသန္တရ စီးပွားရေး လုပ်ငန်းတွေ ကို အထိုက်အလျောက် လွတ်လပ်ခွင့်ပေးလိုက်ရုံလေးလောက်သာ ရှုမြင်ထားကြတာကို သတိထားမိပါတယ် ။

သို့သော်လည်း ဖက်ဒရယ်သဘောက ဒီထက်လေးနက် ကျယ်ပြန့်နက်ရှိုင်းသလို ဒေသခံပြည်သူ တွေ က သူတို့နေထိုင်ရာ ဒေသ ရဲ့ အကောင်းအဆိုးကို သူတို့ကိုယ်တိုင် စိတ်ကူး မျှော်မှန်းဆောင်ရွက်နိုင်ခွင့် နဲ့အဲဒီ ခံစားချက်အပေါ်မှာ အခြေပြုထားတဲ့ စိုးရိမ်စိတ်ပူပန်စိတ် ၊ စနစ်တကျ ကာကွယ်လိုစိတ်ကို အခြေခံထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒေသန္တရအုပ်ချုပ်ရေး ကို ပိုပြီးသန်စွမ်းလာဖို့ ပြည်နယ် နှင့်တိုင်းဒေသကြီး အစိုးရတွေ ရဲ့ လုပ်ပိုင်ခွင့်တွေ ၊ ဒေသန္တရ ဥပဒေတွေ တိုးမြှင့်ရေးဆွဲ ဖို့တိုက်တွန်းပါတယ်။ ဥပမာ သဘာဝ ဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး ၊ ပြန်လည်ထူထောင်ရေး နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ဥပဒေတွေ နဲ့ မဆန့်ကျင်လျှင် ပြည်နယ် နှင့် တိုင်းဒေသကြီး အဆင့် ဥပဒေတွေ ပြဋ္ဌာန်း နိုင်တယ်လို့ အခြေခံ ဥပဒေ က ဆိုထားပြီးဖြစ်ပါတယ်၊ ဒါကြောင့် ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ် နဲ့ ရင်ဆိုင်ရနိုင်တဲ့ ပြည်နယ်တွေ တိုင်းတွေမှာ အများပြည်သူ စိတ်ဝင်တစားပါဝင်နိုင်ပြီး အမှန်တကယ် ထိရောက်နိုင်တဲ့ ဒေသန္တရ ကယ်ဆယ်ရေး ဥပဒေတွေ ကိုရေးဆွဲပြဋ္ဌာန်းကြဖို့လိုပါတယ်။

သို့သော်လည်း တစ်ခုရှိတာက ရန်ကုန်တိုင်း တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ် လွှတ်တော်တွေမှာ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဥပဒေရေးဆွဲ ပြဋ္ဌာန်းပြီးဖြစ်ပေမယ့် ဒီဥပဒေ ရဲ့ အကျိုးအာနိသင်ကို အဲဒီဒေသအတွင်းမှာနေထိုင်ကြတဲ့ ပြည်သူတွေ ဂဃနဏ နားလည်သဘောပေါက်ဖို့လိုအပ်နေပါသေးတယ် ။ မွန်ပြည်နယ်မှာလည်း တိုင်းနဲ့ပြည်နယ် အစိုးရ အုပ်ချုပ်ရေး ၊ လွှတ်တော် ဥပဒေပြုရေးတွေဟာ အသွင်သဏ္ဌာန် ရော အနှစ်သာရပါ ဖက်ဒရယ်ဆန်လာဖို့လိုပါတယ်၊ ဒေသခံပြည်သူများ ကိုယ်တိုင် စိတ်ကူးမျှော်မှန်းဆောင်ရွက်တဲ့ ဒေသခံပြည်သူများအတွက် စစ်မှန်တဲ့ အကျိုးစီးပွားကို ဦးတည်ဖို့ဖြစ်ပါတယ် ။ ဒါကြောင့် နိုင်ငံရေးအရ ပြည်ထောင်စု အစိုးရ ထံမှ မျှော်ကိုးရေး အမြင်ကနေ ကိုယ့်ပြည်နယ် ကိုယ့်တိုင်း ကိုယ်ပိုင် ကိုယ်နိုင် ထူထောင်ရေး အမြင်ကို ပိုပြီး အားပေးနိုင်တဲ့ နိုင်ငံရေး အခြေအနေတစ်ရပ်ကို ဦးတည်ကြဖို့ တိုက်တွန်းပါတယ်။

ငြင်းမရတဲ့အမှန်တရား

ဒုတိယမြောက်သုံးသပ်ချင်တဲ့ သတင်းကတော့ နိုင်ငံရေးလောကအထိရောက်လာတဲ့ လူသတ်မှု ကိစ္စပဲဖြစ်ပါတယ် ။ အားလုံး သိပြီးဖြစ်တဲ့အတိုင်း အသတ်ခံရသူဟာ နာမည်ထင်ရှားတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်နေတာကြောင့် ဒီအမှုဟာ သေမှုသေခင်း စတင်ဖြစ်ပွားစဉ် ကတည်း က အများပြည်သူစိတ်ဝင်တစားရှိနေခဲ့တဲ့ သတင်းဖြစ်ပါတယ်။ အခုလို တရားရုံး က တရားခံတွေကို ကွင်းလုံးကျွတ် လွှတ်ပေးလိုက်တဲ့အခါမှာတော့ အုတ်အော်သောင်းတင်းဖြစ်သွားတာဟာ အဆန်းတော့လည်းမဟုတ်ဘူးလို့ဆိုရမှာဖြစ်ပါတယ် ။ ဒီပြဿနာရဲ့ အကျိုးဆက်က မကျေနပ်မှုတွေ အပြင်မှာ ဆူပွက်နေတဲ့ အခါ သမ္မတ နဲ့ အတိုင်ပင်ခံရဲ့ နားထိ ဒီသတင်းပေါက်ကြားခဲ့တာကြောင့် သမ္မတ က ဖြစ်ကြောင်းရယ်ကုန်စင် လျှောက်တင်ခိုင်းပြီး အမှုကို နည်းလမ်းတကျ ဆက်လက်ရှေ့တိုးဆောင်ရွက်ဖို့ ညွှန်ကြားရုံမက တရားရုံးက အခုလို တရားခံတွေကို တရားရှင်လွှတ်ဖို့ ဆုံးဖြတ်ချက်ချခြင်းရဲ့ နောက်ကွယ်မှာ အဂတိလိုက်စားမှုရှိ မရှိ စုံစမ်းဖို့ ပါ ညွှန်ကြားခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီကနေ့မှာတော့ တိုင်းရဲတပ်ဖွဲ့ကနေ တရားရှင်လွှတ်ထားတဲ့ တရားခံတွေကို ပြန်လည်ဆင့်ခေါ်ထားပြီးဖြစ်သလို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကလည်း ဒီ ဆုံးဖြတ်ချက်ရဲ့နောက်ကွယ်မှာ မရိုးဖြောင့်တဲ့ အပေးအယူတွေရှိနိုင်တယ်လို့ သံသယရှိကြောင်း နဲ့ အရေးယူဆောင်မှုတွေစတင်ဖို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ လတ်တလော ပြဿနာကတော့ အခုလို အမှုပြန်စွဲဖို့ အကြောင်းဖန်လာတဲ့အပေါ် မကျေမနပ်ဖြစ်နေတဲ့ တရားခံရှေ့နေရဲ့ ဝေဖန်ချက်နဲ့ စာနယ်ဇင်းအချို့ မှာဖော်ပြတဲ့ ဝေဖန်ချက်တွေအရ အုပ်ချုပ်ရေး အကြီးအကဲဖြစ်သူ သမ္မတ အနေနဲ့ တရားရေးမဏ္ဍိုင်ရဲ့ နယ်ပယ်ကို ကျူးကျော်လွှမ်းမိုးပြီး ဆောင်ရွက်သလိုဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေထွက်ပေါ်လာတာပဲဖြစ်ပါတယ် ။ ဒီလိုဝေဖန်မှုတွေ ထွက်ပေါ်လာတဲ့အပေါ်မှာ တရားရုံးဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ဝါရင့်ရှေ့နေကြီးတစ်ဦးကတော့ ဒါဟာ တရားရုံးက ကြားနာ ချမှတ်ပြီးဖြစ်တဲ့ ဆုံးဖြတ်ချက်ဖြစ်တာကြောင့် သမ္မတ တင်မက သာမန်ပြည်သူတစ်ဦးတောင်ဝေဖန်နိုင်ခွင့်ရှိတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ အုပ်ချုပ်ရေး ၊ တရားစီရင်ရေး စတဲ့ ပိုင်းခြားကျင့်သုံးရမယ့် မတူညီတဲ့ နယ်ပယ် ၂ ခုရဲ့ နယ်နိမိတ် နဲ့ သမ္မတ ရဲ့ ဆောင်ရွက်စွက်ဖက်ပိုင်ခွင့်ကို အခြေခံ ဥပဒေ နဲ့ တိုင်းတာဆင်ခြင်ကြည့်မိပါတယ်။ အဲဒီလို လေ့လာကြည့်တဲ့ အခါမှာ သမ္မတ ဟာနိုင်ငံတော် နဲ့ အုပ်ချုပ်ရေးအကြီးအကဲ ဖြစ်သည်လို့အခြေခံ ဥပဒေမှာ အတိအလင်းခွဲခြားရေးသားထားတာကြောင့် သမ္မတ ဟာ အုပ်ချုပ်ရေး ပိုင်းတင်မက အားလုံးကိုခြုံလွှမ်းသော နိုင်ငံတော်ရဲ့ အကြီးအကဲဖြစ်ခြင်းကြောင့် တိုင်းပြည်အကျိုးစီးပွားအတွက် ထိုက်သင့်လျောက်ပတ်စွာ တိုက်တွန်းနှိုးဆော်မှုတွေဆောင်ရွက်နိုင်ခွင့်ရှိတဲ့သဘောကိုတွေ့ရပါတယ်။ ဒီအချက်ကို ပိုပြီးခိုင်မာစေ တဲ့အချက်ကတော့ အခြေခံ ဥပဒေမှာပဲ သမ္မတ ဟာ မူဝါဒ နဲ့ တိုင်းပြည်ရေးရာတွေရှင်းလင်းဖို့ လွှတ်တော်မှာ မိန့်ခွန်းပြောနိုင်တယ် လို့ ပြဋ္ဌာန်းထားသလို သမ္မတဟာ လွှတ်တော်တွေကို တာဝန်ခံရမယ်လို့ ပြဋ္ဌာန်းထားတာကိုလည်းတွေ့ရပါတယ်။ ဒီလိုဆောင်ရွက်ခွင့်ပြုထားပြီး ဒီလောက်ဆောင်ရွက်ခြင်းဟာ ဥပဒေပြုရေး မဏ္ဍိုင်ကို သမ္မတ လာစွက်တယ်လို့ ပြောလို့မရသေးဘူးလို့လည်းဆိုလိုရာရောက်တာကိုတွေ့ရပါတယ်။ ဒါကြောင့် တရားရေးမဏ္ဍိုင်နဲ့ ပတ်သက်ရင်လည်း ပြည်ထောင်စု တရားသူကြီးချုပ်ကို ခန့်ထားခွင့်ရှိတဲ့ သမ္မတ က တိုင်းပြည်မှာ တရားဥပဒေစိုးမိုးပြီး လူအများက တရားဥပဒေ အပေါ်ယုံကြည်ကိုးစားမှုရှိအောင် ပူးပေါင်းဆောင်ရွက်တာတွေ တိုက်တွန်းနှိုးဆော်တာတွေ လုပ်နိုင်ခွင့်ရှိရမယ်ဆိုတာအသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ သမ္မတ ဦးဝင်းမြင့် သမ္မတ တာဝန်ရယူခါစမှာပဲ ပြည်ထောင်စု တရားသူကြီးချုပ်တွေကို တွေ့ဆုံဆွေးနွေးခဲ့တာပဲဖြစ်ပါတယ်။ သို့သော်လည်း အခုလို အမှုအခင်းတစ်ခုမှာ မှန်မှန် ကန်ကန် အဂတိတရားမပါဘဲ ဆောင်ရွက်ပါလျက်နဲ့ ပုဂ္ဂိုလ်ရေး ဆန္ဒတစ်ခုကိုအကြောင်းပြုပြီး ဖိအားပေးမှုတွေရှိလာခဲ့ပြီ ဆိုရင်တော့ သမ္မတ အနေနဲ့ လွတ်လပ်တဲ့ တရားစီရင်ခွင့်ကို ထိပါးရာရောက်တာဖြစ်လို့ သမ္မတ အနေနဲ့ မလျော်သြဇာသုံးပြီး တရားစီရင်ရေးနယ်ပယ်ကို ကျူးကျော်တယ်လို့ပြောနိုင်မှာဖြစ်ပါတယ် ။

သို့သော်လည်း အခုချိန်ထိ သမ္မတ ရဲ့ ပြောဆိုဆောင်ရွက်ချက်တွေဟာ ဘောင်မကျော်သေးဘူးလို့ဆိုရပါလိမ့်မယ်၊ ပြီးခဲ့တဲ့ အငြင်းပွားဖွယ် တရားရုံးရဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ကွယ်မှာ အဂတိ အပေးအယူရှိနိုင်တယ်ဆိုတဲ့ သံသယဖြစ်ဖွယ် အနေအထားတွေကလည်း ဒီ ပြဿနာကို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်ဖြေရှင်းရတော့မယ်ဆိုတဲ့ အနေအထားတစ်ရပ်ကိုဖိတ်ခေါ်ခဲ့သလိုဖြစ်စေခဲ့တာကလည်း ငြင်းမရတဲ့ အမှန်တရားတစ်ခုဖြစ်ပါတယ် ။

Written by သီဟသွေး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.