မြန်မာနိုင်ငံရဲ့ အဓိက ပွဲတော်ကြီးဖြစ်တဲ့ အတာသင်္ကြန် နှစ်သစ်ကူးကာလဟာ ကလေးငယ်များ၊ လူငယ်လူရွယ်များ၊ သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ ဦးပုဒ်သီလ စောင့်တည်သူများ၊ ဆင်းရဲသားများ၊ ချမ်းသားတဲ့ လူ့အသိုင်းအဝိုင်း အားလုံးက တန်ဖိုးထားကြသည့် နှစ်သစ်ကူး ပွဲတော်ရက်လည်းဖြစ်သည်။

မြန်မာနိုင်ငံတွင်း နေထိုင်ကြသည့် အခြေခံလူတန်းစာများ၊ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများမှ အထက်တန်းလွှာ လူတန်းစား အသီးသီးဟာ တစ်နှစ်ပတ်လုံး ၎င်းတို့ရဲ့ သက်ဆိုင်ရာ တာဝန်များနှင့် အလုပ်လုပ်ခဲ့ကြပြီးနောက် အစိုးရသင်္ကြန်ကာလ ရက်ရှည်ရုံးပိတ်ရက်ကို မျှော်လင့်နေကြသည်။

အထူးသဖြင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများသည် မိမိမွေးဖွားရာဒေသမှ အစိုးရ၏ စေလွှတ်သော ဒေသများ၌ တစ်နှစ်ပတ်လုံး တာဝန်ထမ်းဆောင်ပြီးချိန် သင်္ကြန်ကာလ ရုံးပိတ်ရက်တွင် မွေးရပ်ဒေသ ပြန်ချင်ကြသည်များ ရှိသလို၊ လက်လုပ်လက်စား အချို့လူတန်းစားများသည်လည်း အကြောင်းအမျိုးမျိုးကြောင့် မိမိဒေသအား စွန်ခွာ၍ အခြားဒေသများတွင် အလုပ်လုပ်ကိုင် နေထိုင်ကြသူများလည်း သင်္ကြန်ကာလ ရုံးပိတ်ရက်တွင် မွေးရပ်ဒေသသို့ ပြန်ကြလေ့ရှိကြပါသည်။

ယခင်နှစ်များတွင် သင်္ကြန်ကာလ အစိုးရရုံးပိတ်ရက်မှာ ၁၀ သတ်မှတ်ထားသော်လည်း ထိုကာလအတွင်း မိမိမွေးရပ်မြေမှ အလုပ်ခွင်ပြန်ဝင်ရန် သွားလာကြရာ ယင်းအချိန်တွင် ခရီးသွားသူဦးရေနှင့် ပြည်တွင်းယာဉ် အရေးအတွက် မလုံလောက်မှုများကြောင့် ပုံမှန်ခရီးစရိတ်များထက် ဆတိုးပေးရခြင်း၊ ခရီးထွက်ရန် ကြိုတင်လက်မှတ် ဝယ်၍မရခြင်း၊ ခရီးသွားယာဉ်အရေအတွက် လုံလောက်မှု မရှိခြင်းများကြောင့် အခြေခံ လူတန်းစားများအဖို့ များစွာ အခက်အခဲများရှိနေသည်ကိုလည်း တွေ့နေရပါသည်။

မွန်ပြည်နယ်သည် ထိုင်းနိုင်ငံနှင့် နီးစပ်သော ဒေသဖြစ်ပြီး ပြည်နယ်တွင်းမှ အလုပ်လုပ်ကိုင်နိုင်ကြသော လူငယ်အများစုမှာ ထိုင်းနိုင်ငံသွားရောက် လုပ်ကိုင်လေ့ရှိကြပြီး သင်္ကြန်မတိုင်မီ အချိန်တွင်တော့ ဒေသတွင်း ပြန်လာကြသည့် ရာနှင့်ချီသော လူများသည် မတ်လကုန်ပိုင်မှ စတင်ကာ မြဝတီ-မဲဆောက် နယ်စပ်မှ ပြန်လာနေကြသည်မှာလည်း ပုံမှန်ဖြစ်နေပါပြီး။

နောက်နှစ်များတွင် သင်္ကြန်ကာလ အစိုးရ တရားဝင်ရုံးပိတ်ရက်ကို ၅ ရက်အဖြစ် သတ်မှတ်လိုက်ခြင်းမှာ အခြေခံ လူတန်းစားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အရီးသွားလာရေး အခက်အခဲများရှိနိုင်ကြောင်း အကြံပြုတင်ပြလိုက်ရသည်။

Written by – အယ်ဒီတာ (၁၇-၃-၂၀၁၇)

Leave a Reply