အောက်တိုဘာ(၂၄)ရက်။

မြန်မာတစ်နိုင်ငံလုံးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အသီးသီးက သတင်းအချက်အလက်များကို ပေါင်းစပ်စုစည်းပြီး ပင်လယ်ကမ်းရိုးတန်းဒေသ သတင်းအချက်အလက်စီမံခန့်ခွဲမှုစနစ်တစ်ခု တည်ထောင်ရန် လိုအပ်နေကြောင်း နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ ဥက္ကဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောဆိုလိုက်သည်။

နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနအင်ကြင်း ခန်းမ၌ အောက်တိုဘာ(၂၃)ရက်က ကျင်းပသည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ် လုပ်ကိုင်မှု ဗဟိုကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးမြင့်ဆွေက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကမ်းရိုးတန်းဒေသများတွင်ဖြစ်ပေါ်နေသည့် အခက်အခဲများကို အတတ်နိုင်ဆုံးဖြေရှင်းကြရန် လိုအပ်ပါတယ်။ ဖြေရှင်းရာတွင်လည်း တစ်ဌာန၊ အဖွဲ့အစည်းတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ အစိုးရဌာနများအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါတယ်။ မိမိတို့ကော်မတီအနေဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အလေ့ အထကောင်းကို အားကောင်းလာအောင် မြှင့်တင်ပေးကြရမှာဖြစ်ပါတယ်။ အရေးကြီးတဲ့အချက်မှာ ပင်လယ် ကမ်းရိုးတန်း သယံဇာတများကို လုပ်ငန်းကဏ္ဍနှင့် ဒေသသီးခြားစီ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းမျိုး မဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်းမှုများကို ပိုမိုဆောင်ရွက်ကြရန် လိုအပ်ပါတယ်။ ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးကို ညီညွတ်မျှတစေရန် လိုအပ်ပါတယ်။” ဟု နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေကပြောသည်။

”Bay of Bengal Large Marine Ecosystem Project” မှ ၂၀၁၅ ခုနှစ်က ထုတ်ဝေသည့် လက်ကမ်းစာစောင် တွင် မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသ၌ လူတို့ကြောင့် သဘာဝသယံဇာတများ ဆုံးရှုံးပျက်စီးခြင်းဆိုသည့် ခေါင်းစဉ်ဖြင့် ပင်လယ်ကမ်းရိုးတန်းဒေသများ၌ ဖြစ်နေသည့် ပြဿနာများကို ဖော်ပြရာတွင် ငါးအလွန်အကျွံ ဖမ်းဆီးခြင်းနှင့် အပျက်အစီးများပြားသည့် နည်းလမ်းများအသုံးပြု၍ ငါးဖမ်းဆီးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ တွင် ဓာတ်မြေဩဇာများ၊ ပိုးသတ်ဆေးများနှင့် ရေဆိုးများထုတ်လွှတ်ခြင်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကြောင့် ရေထုညစ်ညမ်းခြင်း၊ လူနေအိမ်ခြေနှင့် စက်မှုလုပ်ငန်းများမှရေဆိုးများထုတ်လွှတ်ခြင်း များဖြစ်ပေါ်နေကြောင် သိရသည်။

“ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုစနစ်ကို အောင်မြင်အောင် အကောင်အထည် ဖော်ရာတွင် အစိုးရဌာနများချည်းမဟုတ်ဘဲ စီးပွားရေးလုပ်ငန်းရှင်များ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံးက တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် မရှိမဖြစ် အရေးပါသည်ကို သတိပြုကြရန် လိုအပ်ပါတယ်။ ထို့ပြင် ပင်လယ်ကမ်းရိုးတန်း သယံဇာတများကို ရေရှည် တည်တံ့အောင် စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် လိုအပ်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်ရှိသည့်အနက် အချို့သော လုပ်ငန်းအဆင့်များကို အောက်ခြေမှ စတင်ရမှာဖြစ်တယ်။” ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဆက်ပြောသည်။

မြန်မာ့ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသသည် ဘင်္ဂလားပင်လယ်အော်ဒေသဂေဟစနစ်ကြီး တစ်ခုလုံး၏ ငါးပုံတစ်ပုံရှိပါပြီး ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝကာ ရှည်လျားသည့် ကမ်းရိုးတန်းနှင့် ကျယ်ပြန့်သည့်ပင်လယ်ပြင်၊ ကျွန်းကြီးကျွန်းငယ်ပေါင်း ၈၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် မြိတ်ကျွန်းစုတို့ရှိကြောင်း သိရသည်။
EU-IMG အဖွဲ့၏ သုတေသနပြုချက်အရ မြန်မာနိုင်ငံပင်လယ်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဒီရေတောဂေဟစနစ်များကရရှိနေသည့် ကမ်းရိုးတန်းဒေသများကို အကာအကွယ်ပေးခြင်းနှင့် ငါးပုစွန်တို့ ပေါက်ပွားရန် အစားအစာနှင့် နေရာပေးခြင်းစသည့် ဂေဟစနစ်ဝန်ဆောင်မှုနှစ်မျိုး၏ စီးပွားရေးအရ တန်ဖိုး (Ecosystem Valuation) တွက်ချက်မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရှိကြောင်း သိရသည်။

Written by – MMK

Leave a Reply