ကြက်ပေါင်စေး သို့မဟုတ် ကော်ဖတ်ဟု လွယ်လင့်တကူ ခေါ်ဝေါ်နိုင်သည့် ရော်ဘာပင်၏ သိပ္ပံအမည်မှာ Hevea brasiliensis ဖြစ်ပြီး မကြာသေးမီကာလများဆီကလည်း မြန်မာ့ရွှေဖြူဟု တင်စား၍ ထင်ရှားခဲ့သည်။

ရော်ဘာ၏ အာနိသင်ကို ကမ္ဘာက သိရှိခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော်မျှသာ ကြာသေးသော်လည်း မျက်မှောက်ကာလဝယ် လူသုံးကုန်အမျိုးအစား သုံးသောင်းကျော်တွင် အဓိကကုန်ကြမ်းအဖြစ် တွင်တွင်ကျယ်ကျယ် ပါဝင်ပတ်သက်၍ နေချေပြီ။

မြန်မာပြည်တစ်ဝန်းတွင် ရော်ဘာအများဆုံးထွက်ရှိရာဒေသဟုဆိုလျှင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးကိုဖြင့် မလွဲမသွေ လက်ညှိုးထိုးပြရမည် ဖြစ်လေသည်။မြန်မာ့ရော်ဘာစိုက်ပျိုးဧရိယာ၏ သုံးပုံတစ်ပုံနီးပါးပမာဏမှာ မွန်ဒေသတွင် ရှိနေသလို မြန်မာ့ရော်ဘာထုတ်လုပ်မှုပမာဏ၏ တစ်ဝက်နီးပါးကလည်း မွန်ပြည်နယ်မှပင် ထွက်ရှိနေသည်။
စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ယင်းရော်ဘာသည် မွန်ပြည်နယ်စီးပွားရေး၏ မည်မျှကျယ်ဝန်းသော နယ်ပယ်ဧရိယာကို စိုးမိုးဖုံးလွှမ်းနိုင်ခဲ့ပါသနည်း။ စစ်စစ်ပေါက်ပေါက် လေ့လာအကဲခတ်ကြည့်လျှင် သိနိုင်ပါလိမ့်မည်။

မွန်ပြည်နယ်၏ ပင်မထွက်ကုန် ရော်ဘာသည် ဒေသခံတို့၏ အလုပ်အကိုင်အခွင့်အလမ်းအတွက်ရော လူမှုဘဝဖွံ့ဖြိုးမှုအတွက်ပါ ကျေနပ်ဖွယ်အတိုင်းအတာတစ်ခုထိ မပေါက်မြောက်ခဲ့သလို မြန်မာ့စီးပွားရေးကဏ္ဍတစ်ရပ်လုံးအပေါ်တွင်လည်း တစုံတရာသော ပမာဏအထိ အကျိုးသက်ရောက်မှု တကယ်တမ်း မရှိခဲ့ပါလေ။

၂၀၁၁ ခုနစ်မှစ၍ ၄ နှစ်ကျော်ကြာ ထိုးဆင်းခဲ့ရသော ရော်ဘာပေါက်ဈေးမှာ ယမန်နှစ်ကစ၍ ပြန်လည်ဦးမော့လာတော့မယောင် တက်ရိပ်ပြခဲ့သည်။

မြန်မာသည် ကမ္ဘာပေါ်တွင် ပို့ကုန်အများဆုံးတင်ပို့ရာ၌ တိုးတက်နှုန်းအမြန်ဆုံး ဒသမမြောက်နိုင်ငံဟု ဆိုကြသည်။ သို့ဆိုလျှင် မြန်မာ့ရွှေဖြူ ရော်ဘာအနေဖြင့် ကမ္ဘာ့တန်းဝင်အရည်အသွေးရှိခဲ့သလို နိုင်ငံတကာမျက်နှာစာဝယ် ဈေးနှုန်း တတန်းတစားတည်း ရရှိနေပါသလား။ ယင်းအတွက် အဖြေရလဒ်က အားရကျေနပ်ဖွယ်ရာတော့ မရှိခဲ့ပေ။

ယခု နိုဝင်ဘာလ ၁၄ ရက် နံက်က မော်လမြိုင်ရှိ တော်ဝင်ဟင်္သာ ဟိုတယ်တွင် မြန်မာ့ရော်ဘာ ရောင်းသူ ဝယ်သူတွေ့ဆုံပွဲနှင့် ကုန်စည်ပြပွဲ ကျင်းပခဲ့ပြီးယင်းပွဲတွင် မြန်မာ့ရွှေဖြူရော်ဘာဈေးကွက်၏ လက်ရှိအခြေအနေနှင့် အနာဂတ်အလားအလာအပေါ် အကျိုးတစုံတရာသက်ရောက်လာနိုင်သည့် ဝယ်ယူသူ Hinthar Agri နှင့် ရောင်းချသူ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအကြား နားလည်မှုစာချွန်လွှာ (MoU)တစ်ရပ်ကို သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်ကိုတွေ့ရသည်။

အဆိုပါပွဲကို မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်အမှာစကားပြောကြားခဲ့သလို ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများရော ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များပါ စုံညီစွာ တက်ရောက်ကြသည်ကို တွေ့ရှိရသည်။

ဖော်ပြပါMoU တွင် အသေးစိတ်အချက်အလက်အနေဖြင့် Hinthar Agri က ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများထံမှ ဝယ်ယူမည့် ပမာဏမှာ မက်ထရစ်တန် ၅၀,၀၀၀ ဖြစ်သည်။ ဝယ်ယူမည့် အမျိုးအစားများက USS, Cup Lump, RSS နှင့် TSR ဟူ၍ စုံလင်စွာ ဝယ်ယူမည်ကို လေ့လာသိရှိရပါသည်။

“အခု သူတို့က ကျွန်တော်တို့ဆီကနေ ရော်ဘာတန်ချိန် ငါးသောင်းဝယ်မယ်ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အဲလောက်တန်ချိန်မရှိသေးဘူးလေ။ အခုက ကမ်းလှမ်းတာကို လက်ခံတဲ့အနေနဲ့ လက်မှတ်ထိုးထားတာပါ”ဟု ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌ နိုင်ကျန်ရစ်က ပြောသည်။

ကုမ္ပဏီမှ ဝယ်ယူလိုသော ရာဘာတန်ချိန်ပြည့်မီအောင် ရာဘာစိုက်တောင်သူများအနေဖြင့် တတ်စွမ်းသလောက် ကြိုးစားအားထုတ်ကြရန်လိုကြောင်း နိုင်ကျန်ရစ်က မှတ်ချက်ပြုသည်။

“မွန်ပြည်နယ်မှာ ရော်ဘာစိုက်ဧက ငါးသိန်းကျော်ရှိပြီး လက်ရှိ အစေးထုတ် လှီးနေတဲ့ ဧက သုံးသိန်းလောက် ရှိတယ်”ဟု နိုင်ကျန်ရစ်က ဆိုသည်။

ဝယ်ယူမည့်ပမာဏအနေဖြင့် ယခုအချိန်၌ လက်ဝယ် မရှိသေးဟုဆိုသော်လည်း ဝယ်လိုအားနှင့် ဈေးကွက်အနေအထား ခိုင်မာသွားပြီဟု ယူဆနိုင်သည့် အခြေအနေဟုပင် ဖြစ်ပြီး နောင်အလားလာအတွက် မျှော်လင့်ဖွယ်ရာဖြစ်သည်ဟု တက်ရောက်လာသူများက မှတ်ချက်ပြု ပြောဆိုသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်နယ်စိုက်ပျိုးရေး ကဏ္ဍကို တာဝန်ယူထားသော ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်က “မွန်ပြည်နယ်ရဲ့ ရော်ဘာဈေးကွက် ပြန်လည်ကောင်းလာတော့မယ့် လမ်းစတစ်ခုလို့ ထင်ပါတယ်။ အရင်တုန်းကဆိုရင် ရော်ဘာဈေးတွေကျတယ်၊ ဝယ်မယ့်သူမရှိဘူး။ အစိုးရက လမ်းကြောင်းမပေးဘူးပေါ့။ အခုဆို ဝယ်မယ့်သူကလည်း ပြောရရင် အိမ်အထိကိုရောက်လာနေပြီလေ” ဟု ဆိုသည်။

ပြည်နယ်အတွင်းမှ ရော်ဘာလုပ်ငန်းရှင်များ၊ တောင်သူများအနေဖြင့်လည်း ရာဘာအရည်အသွေးပြည့်မီနိုင်ရန်အတွက် ကြိုးစားသင့်ကြောင်း တိုက်တွန်းခဲ့ပြီး စင်ကာပူအခြေစိုက်ကုမ္ပဏီတစ်ခုကလည်း ထုတ်လုပ်မှုနည်းနာနှင့် သန့်စင်မှုနည်းပညာများ ကူညီသွားဖို့ရှိကြောင်း ဝန်ကြီးကဆိုသည်။

ရော်ဘာလုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းမထွက်ရှိမီမှာပင် ဝယ်လိုအားက မိမိနယ်မြေအတွင်း စီးဝင်လည်ပတ်လာခြင်းမို့ အထိုက်အလျောက် အားတက်ဖွယ်ရာ ရှိသည်ဟု တက်ရောက်သူများက မှတ်ချက်ပြုသည်။

မုဒုံမြို့နယ်မှနေ၍ ပွဲသို့ တက်ရောက်လာသူ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ ဦးအောင်မြင့်ဦး၏ မှတ်ချက်စကားမှာ “မွန်ပြည်နယ်မှာရှိတဲ့ ရော်ဘာတွေရဲ့ အရည်အသွေးကို ဆန်းစစ်တဲ့ပွဲပါပဲ။ သူတို့ဘက်က ဈေးဘယ်လောက် ပေးမယ်လို့ မပြောဘူး။ ဝယ်မယ့်သူရှိတာပဲလေ၊ ကျွန်တော်တို့ဘက်ကလည်း ကြိုးစားရမှာပေါ့” ထောက်ပြပြောဆိုသည်။

ယင်းကဲ့သို့ ဝယ်လိုအားများလာသည့်အတွက် ရော်ဘာဈေးနှုန်း ပြန်လည်မြင့်တက်လာမည်ဟု ဒေသခံရော်ဘာ စိုက်တောင်သူ များမှ မျှော်မှန်းထားကြကြောင်း ဆိုသည်။

 

ယခင်က မိမိတို့ပြည်နယ်အတွင်းတွင် စက်မှုကုန်ကြမ်းရော်ဘာ အခိုင်အမာရှိနေပါလျက် ဈေးနှုန်းရရှိမှုနှင့် ဈေးကွက်အနေအထား မခိုင်မာခြင်းကြောင့် ဒေသတွင်းမှ လုပ်အား၊ စွမ်းအားယိုဖိတ်ကာ ပြည်ပသို့ ဦးနှောက်ယိုစီးမှုပြဿနာထိ ကြုံခဲ့ရသည်။

ယခု ဈေးကွက်ဆိုင်ရာ သဘောတူညီမှုကြောင့် အတန်အသင့် စိတ်အေးဖွယ်ရာ အနေအထားတစ်ရပ်အသွင်ဆောင်လာသည်ဟု ဆိုနိုင်သော်လည်း ကုမ္ပဏီက ဈေးနှုန်းသတ်မှတ်ကာ ဝယ်ယူမည့်အပေါ်၌ စောင့်ကြည့်ရမည့် အနေအထားတွင်ရှိသည်ဟု စိုက်ပျိုးထုတ်လုပ်သူများက ဆိုသည်။

မွန်ပြည်နယ်မှာရှိသည့် ရော်ဘာများ၏ အရည်အသွေးကို ဆန်းစစ်သောပွဲလားဟု မေးခွန်းထုတ်စရာဖြစ်နေသည်။
အမှန်မှာ ထိုမျှ မက,ပါချေ။

ရော်ဘာမှာ ပြည်နယ်အစိုးရ အကောင်အထည်ဖော်မည်ဆိုသည့် စီးပွားရေးကဏ္ဍကြီး ငါးရပ်အနက် တစ်ခုအပါအဝင် စက်မှုကုန်ကြမ်းသီးနှံ ဖြစ်နေသည်။ အစိုးရ၏ စီမံခန့်ခွဲနိုင်စွမ်းကိုလည်း အကဲခတ်ဆန်းစစ်နိုင်မည့် ပွဲဟု ဆိုနိုင်ပေမည်။
ဒေသအတွင်းရှိ ကုန်သည်များ၊ စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ရော်ဘာလုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ၏ ပေါင်းစပ်ပုံဖော်မှုနှင့် စွမ်းဆောင်ရည်ကိုပါ ဆန်းစစ်နိုင်မည်လား။

မြန်မာ့ရွှေဖြူ ရော်ဘာ ဦးမော့ချိန်တန်ချေပြီလားဟု အပြန်အလှန် မေးခွန်းထုတ်နေကြခြင်းထက် လေ့လာစောင့်ကြည့်ဖို့ ကောင်းသော စိတ်ဝင်စားဖွယ်ရာ ဆန်းစစ်ပွဲတစ်ရပ်အဖြစ် မကြာမီ ရောက်ရှိလာမည်ကတော့ သေချာပေသည်။ ။

Written by  – ထိုက်သူစံ

 

Leave a Reply