Advertisements

ရန်ကုန်၊ အောက်တိုဘာ ၃ ရက်။

မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍကို အမျိုးသားပို့ကုန်မဟာဗျူဟာစီမံကိန်း၌ ထည့်သွင်းအကောင်အထည် ဖော်ရန် မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်မဟာဗျူဟာရေးဆွဲရေးကို ၂၀၁၈ မှ ၂၀၂၀ ခုနှစ်ထိ (၃)နှစ် စီမံကိန်းဖြင့်လုပ်ဆောင်သွားရန်လျာထားကြောင်း မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ သိရှိရသည်။

ရန်ကုန်မြို့ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံးတွင် အောက်တိုဘာ ၃ ရက်က ကျင်းပသည့် မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍပို့ကုန် မဟာဗျူဟာရေးဆွဲရေးဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီပရောဂျက်ကြီးတစ်ခုလုံးကတော့ (၅)နှစ်ပါ။ ကဏ္ဍအလိုက်ကတော့ အချို့ကတော့ (၃)နှစ်၊ အချို့ကလည်း (၅)နှစ်ဆိုတော့ မတူပါဘူး။ ဒီကဏ္ဍကိုတော့ ယေဘူယျအားဖြင့် (၅)နှစ်ဆိုရင် နည်းနည်းလေးရှည်တော့ (၃)နှစ် ပဲဖြစ်ဖို့များပါတယ်။ ဒါက အတိအကျတော့ မဆုံးဖြတ်ရသေးပါဘူး။ ဒီအစည်းအဝေးကနေ ဆုံးဖြတ်မှာပေါ့နော်။” ဟု ဦးအောင်စိုးကပြောသည်။

မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍ ပို့ကုန်မဟာဗျူဟာတွင် သစ်လက်မှုအနုပညာပစ္စည်းနှင့် ပန်းပုကဏ္ဍ၊ ဝါး၊ ကြိမ်နှင့် ဗေဒါကဏ္ဍ၊ ရိုးရာအထည်ကဏ္ဍ၊ ငွေထည်နှင့် ကြေးထည်ကဏ္ဍ၊ စကျင်ကျောက်၊ ကျောက်စိမ်းနှင့် ရုပ် တု ကဏ္ဍ၊ ကနုကမာကဏ္ဍ၊ ယွန်းထည်ကဏ္ဍ၊ ကြွေထည်နှင့် မြေထည်ကဏ္ဍ၊ ရွှေချည်ထိုးနှင့် ရုပ်သေးရုပ်ကဏ္ဍ၊ အုန်းလက်မှုအနုပညာပစ္စည်းကဏ္ဍနှင့် Fine Arts and Handicraft ကဏ္ဍ စသည်တို့ကိုထည့်သွင်းသွားမည်ဖြစ် ပြီး ယင်းကဏ္ဍထဲမှ ကနုကမာကဏ္ဍအား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိစေရန် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် ညှိနှိုင်း၍ စည်းမျဉ်း၊ စည်းကမ်းဖြင့် ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

“ကနုကမာကို ကျွန်တော်တို့ရဲ့လက်မှုပညာထဲမှာ မထည့်သင့်ဘူး။ ဘာလို့လဲဆိုတော့ ဒါက သဘာဝပတ်ဝန်း ကျင်ပျက်သွားမယ့်ဟာကို ဟိုတယ်နှင့် ခရီးကလည်း ကမာနဲ့ပတ်သက်လို့ လုံးဝတားမြစ်ထားပါတယ်။ အဲ့တော့ ဒါကို Promotion မလုပ်သင့်ဘူး။ နိုင်ငံခြားသားကိုရောင်းမယ်ဆိုရင်လည်း ဧည့်သည်ကပေးခဲ့တာ ပိုက်ဆံပဲ။ ဒါ ပေမဲ့ ကျွန်တော်တို့ဆီမှာ ကမာကောင်တွေ ပျက်စီးသွားတဲ့အခါကျတော့ သဘာဝပတ်ဝန်းကျင်ထိခိုက်တဲ့ အတွက် မထည့်သင့်ဘူး။”ဟု မြန်မာနိုင်ငံ အမှတ်တရပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းဥက္ကဌ ဦးသန်းဝင်းက ပြောသည်။

ကနုကမာများကို သဘာဝအလျောက် ဖမ်းဆီးထုတ်လုပ်ခြင်းမဟုတ်ဘဲ ပုလဲမွေးမြူရေးလုပ်ငန်းများမှ တဆင့် စွန့်ပစ်ပစ္စည်းဝယ်ယူ၍ တန်ဖိုးမြင့် လက်မှုပစ္စည်းထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်နိုင်ခြင်း မရှိကြောင်း ကနုကမာလက်မှုပစ္စည်းထုတ်လုပ်သူများထံမှ သိရသည်။

အမျိုးသားပို့ကုန်မဟာဗျူဟာကို ဦးစားပေးကဏ္ဍ(၇)ခုနှင့် အထောက်အကူပြုကဏ္ဍ(၄)ခု၊ စုစုပေါင်းကဏ္ဍကြီး (၁၁)ခုဖြင့် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (၅)နှစ်စီမံကိန်းသတ်မှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်နေ ပြီး လက်ရှိတွင် မြန်မာ့လက်မှုအနုပညာပစ္စည်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် အမျိုးသားပို့ကုန်မဟာဗျူဟာ၌ ထပ်မံထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။  

Written by – MMk

Advertisements
<

Leave a Reply