မော်လမြိုင်၊ စက်တင်ဘာ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုးနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေသဖြင့် ပြည်သူများ၏ စိုးရိမ်မှု ပျောက်စေရေးအတွက် နယ်စပ်ခြံစည်းရိုး ပြုပြင်ရန် ကျပ် ဘီလီယံ ၂၀ သုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက စက်တင်ဘာ ၁၈ ရက်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရေး အတွက် ပထမအဆင့် အနေဖြင့် ကျပ် ၂၀ ဘီလီယံကို နိုင်ငံတော် အစိုးရက လက်ငင်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း၊ ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းကို ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ပုံငွေ တင်ပြတောင်းခံ၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နံှ ဆောင်ရွက်သွားစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ရခိုင်ပြည်နယ်အတွင်း အရေးကြီးသည့် မေယုတောင်တန်းကို ဖြတ်ကျော်ဖောက်လုပ်မည့် တောင်ကျော်လမ်းမကြီး နှစ် လမ်း ပါဝင်သော မေယုတောင်တန်းလမ်း ကွန်ရက် ဖောက်လုပ်ရေး စီမံကိန်းကို အမြန်ဆုံးဖောက်လုပ်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာနကို တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း လည်းပါဝင်သည်။

နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းနှင့် မေယုတောင်တန်းလမ်း ကွန်ရက်စီမံကိန်း လုပ်ငန်းများ အတွက် လိုအပ်သောဘဏ္ဍာငွေကို နိုင်ငံတော်အစိုးရက တာဝန်ယူ၍ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖော်ပြပါလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နယ်ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အတွက် ငွေကျပ် ခြောက် ဘီလီယံကျော်ကို ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာနသို့ အပ်နံှဆောင်ရွက်ထားပြီဖြစ်ကြောင်း ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ငွေကျပ် နှစ် ဘီလီယံကျော်ကို ထပ်မံသုံးစွဲနိုင်ရေးကိုပါ ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ယခင်နှစ် မေ ၃၀ ရက်တွင် ဖွဲ့စည်းခဲ့ပြီး၊ ဥက္ကဋ္ဌအဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

Written by – ဇော်ထိုက်

 

Leave a Reply