မြဝတီကို နယ်စပ်မြို့အင်္ဂါရပ်နှင့်အညီ ဖော်ဆောင်ရန် ထိုင်းမှ ချေးငွေ ရယူမည်

နိုဝင်ဘာ

မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေးစြင်္ကံ လမ်းတစ်လျှောက်ရှိ မြို့များဖွံ့ဖြိုးမှုစီမံကိန်း ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency – NEDA ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ရယူရန်ကိစ္စကို ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၂၉ ရက်တွင် အတည်ပြုလိုက်သည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့က ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းဆွေးနွေးကြသည်။

အဆိုပါချေးငွေကိစ္စနှင့် စပ်လျဉ်း၍  စက်ခလုတ် အသုံးပြု ဆန္ဒမဲရယူရာ ထောက်ခံမဲ ၄၆၃ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၂ မဲ ရရှိခဲ့သဖြင့် အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာလိုက်ခြင်း ဖြစ်သည်။

ယင်းကိစ္စမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့က နိုင်ငံတော်သမ္မတထံမှ တဆင့် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားသော အဆို ဖြစ်သည်။

ယင်းမတိုင်မီ နိုဝင်ဘာ ၂၆ တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေး စတုတ္ထနေ့ကလည်း NEDA ချေးငွေ ရယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် လေးဦးက ထောက်ခံဆွေးနွေးထားခဲ့သည်။

လှိုင်းဘွဲမဲဆန္ဒနယ်မှ ဦးခင်ချိုက မြဝတီသည် ကုန်သွယ်ရေးကဏ္ဍတွင် အဓိကကျသည့် နေရာတစ်ခုဖြစ်ပြီး ကုန်သွယ်မှုဆိုင်ရာ အခွန်အကောက် များစွာရှာဖွေပေးနေသည့် မြို့တစ်မြို့ဖြစ်ကြောင်း၊ ကူးသန်းရောင်းဝယ်မှုများအပြင် နိုင်ငံခြားသား ဝင်ထွက်သွားလာမှု များပြားကြောင်း၊ ထို့ကြောင့် နယ်စပ်မြို့များ အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာရန် လိုအပ်သည့်အတွက် NEDA ချေးငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ အမှန်တကယ်လိုအပ်သည့်ကြောင်း ထောက်ခံဆွေးနွေးထားသည်။

အလားတူ မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့် (ခေါ်) ဦးလှမြင့်သန်းနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာ ခွန်ဝင်းသောင်းတို့ကလည်း ချေးငွေ ရယူရန် ယင်းနေ့က အသီးသီး ထောက်ခံဆွေးနွေးထားခဲ့သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းရာတွင် မြဝတီမြို့ ရေပေးဝေရေးစနစ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်းဖြစ်ပြီး အမှိုက်စွန့်ပစ်စနစ် အဆင့်မြှင့်တင်ခြင်း စီမံကိန်းတန်ဖိုးမှာ ၇ ဒသမ ၆သန်းဖြစ်ကြောင်း၊ Public Awareness Programs များဆောင်ရွက်ရန်နှင့် မြို့တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် ကာလအတွင်း ကုန်ကျမည့် Financing Charges များ၊ အခြားကုန်ကျစရိတ်များအတွက်လည်း ချေးငွေကို ကျခံသုံးစွဲသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည်။

မြဝတီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက ဟိုတယ်နှင့် ခရီးသွားအခွင့်အလမ်း၊စက်မှုလုပ်ငန်းတို့နှင့် ဆက်စပ်၍ မြန်မာ့စီးပွားရေး တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည် ဖြစ်သည့်အတွက် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးရန် တိုက်တွန်းတင်ပြခဲ့သည်။

ယင်းနောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်က အတည်ပြုပြီးသည့်အခါတွင် ချေးငွေပေးအပ်မည့် အဖွဲ့အစည်းနှင့် ချေးငွေစာချုပ်အတွက် ညှိနှိုင်းခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ ချေးငွေရယူခြင်း၊ ထပ်ဆင့်ထုတ်ချေးခြင်း၊ ချေးငွေထုတ်ယူ သုံးစွဲမှုကို အစီရင်ခံတင်ပြစေခြင်း၊ ချေးငွေ ပြန်လည်ပေးဆပ်ရာတွင် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NEDAချေးငွေမှာ ဆိုင်းငံ့ကာလ ၁ဝ နှစ်၊ ပြန်ဆပ်ကာလ ၂ဝ နှစ်၊ ချေးငွေ သက်တမ်းစုစုပေါင်း ၃ဝ နှစ်ဖြစ်ပြီး အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲမှုစရိတ် ချေးငွေပမာဏ၏ ဝ ဒသမ ၁၅ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

Source : ပြည်ထောင်စုလွှတ်တော်

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.