Advertisements

မြဝတီ၊ အောက်တိုဘာ(၁)ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိစီးပွားရေးဇုန်တွင် ဒေသထွက်ကုန်တစ်ခုဖြစ်သည့် ‘ဝဥ’များအား အမှုန့်ကြိတ်သည့် ကုန်းကြမ်းထုတ်စက်ရုံ စတင်လည်ပတ်နေပြီဖြစ်သော်လည်း စက်ရုံရေရှည်လည်ပတ်နိုင်ရန်မှာ ကုန်ကြမ်းများရရှိရေးနှင့် လျှပ်စစ်မီးလိုအပ်ချက်ဖြစ်ကြောင်း အဆိုပါစက်ရုံမှ သိရသည်။

“အဓိကတော့ ကုန်ကြမ်းရရှိရေးပါပဲ။ လျှပ်စစ်မီးလည်းလိုအပ်ပါတယ်။ လျှပ်စစ်မီးလည်းမရသေးဘူး။ အခုက မီးစက်နဲ့လည်နေရတာပါ။ ဒီကရင်ပြည်နယ်၊ မြဝတီမြို့မှာ စိုက်ခင်းမရှိဘူး။ စိုက်ခင်းမရှိတော့ ရေးမြို့နယ် ဘက်ကနေ ပစ္စည်းဝယ်ရတာပေါ့” ဟု ဒေါနရွှေမြေကုမ္မဏီလီမိတက်မှ စက်ရုံပိုင်ရှင် မအဖိန်းက ပြောသည်။

အစိုးရအနေဖြင့် ‘ဝဥ’စိုက်ခင်းလုပ်ရန် တိုက်တွန်းပေးမည်ဆိုပါက စက်ရုံများရေရှည်လည်ပတ်နိုင်မည်ဖြစ်ကာ လက်ရှိတွင် ဒေသခံ(၂၀)ကျော်ကို အလုပ်အကိုင်များ ပေးထားနိုင်ပြီဖြစ်ကြောင်း ဒေါနရွှေမြေကုမ္မဏီလီမိတက်မှ သိရသည်။

“ဝဥက အရွက်ပေါ်မှာအသီးလေးတွေ ရှိတဲ့ဟာရှိတယ်။ မရှိတဲ့ဟာရှိတယ်။ ရှိတဲ့ဟာကျမှ သူကဈေး ကွက်ဝင်တာပေါ့။ ဝဥစိုက်မယ်ဆိုရင် အခုလာရောင်းတဲ့ ဝဥသေးသေးလေးတွေပါတယ်။ အဲဒါကို သိမ်းထားပြီးတော့မှ ဒီစက်ရုံနဲ့ပူးပေါင်းပြီးတော့ တောင်သူတွေကိုစည်းရုံးပြီး အခမဲ့ပြန်လည် ဖြန့်ဝေသွားမှာ ပါ။”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းရွှေက ပြောသည်။

‘ဝဥ’များကို ဈေးကွက်မရှိသည့်အချိန်တွင် အနိမ့်ဆုံးတစ်ပိဿာလျှင် (၄၀၀)ကျပ်ဖြင့်ဝယ်ယူရပြီး လက်ရှိတွင်တစ်ပိဿာလျှင် (၇၀၀)ကျပ်အထိ ပေးဝယ်နေရကာ ‘ဝဥ’ကို ကုန်ကြမ်းအဖြစ်ထုတ်လုပ်ရာတွင် အခြောက်ပြန်ကင်၍ စက်နှင့်အမှုန့်ကြိတ်ကာ ထိုင်းနိုင်ငံသို့တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ‘ဝဥ’စက်ရုံကို ၂၀၁၇ခုနှစ်၊ သြဂုတ်လပိုင်းမှစတင် စမ်းသပ်လည်ပတ်နေခြင်းဖြစ်ပြီး ‘ဝဥ’များကို ထိုင်းနိုင်ငံတွင် ခေါက်ဆွဲနှင့် အသားတုများတွင်အသုံးပြုပြီး ဂျပန်နိုင်ငံတွင် အလှကုန်ပစ္စည်းများ၌ ရော၍အသုံးပြုကြောင်း သိရသည်။

လက်ရှိအချိန်၌ အဆိုပါ ‘ဝဥ’စက်ရုံသို့ မြဝတီမြို့မှ တောင်သူများအပြင် မော်လမြိုင်၊ ရေဘက်မှလည်း ဝဥများကို လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply