မြဝတီ၊ ဧပြီ ၃၀ ။       ။ ကရင်ပြည်နယ်၊ မြဝတီမြို့ ချစ်ကြည်ရေးတံတားအနီး အမှတ်(၂) ရပ်ကွက်၊ မဟူရာလမ်း၊ အိမ်အမှတ် (စ/ ၆၃) တွင် ဧပြီ ၂၉ ရက် နံနက်ပိုင်းက အမျိုးသားတစ်ဦးသည် ဓါးထိုးခံရ၍ သေဆုံးခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။

ဓါးထိုးမှုဖြစ်ပွားကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးကြရာ ဇော်မင်းထွန်း (ခ) ရှောင်တိန်သည် နောက်ကျောတွင် ထိုးသွင်းဒဏ်ရာ တစ်ချက် ဘယ်နံရိုးအောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် စိုးရိမ်ရသည့် အခြေအနေကြောင့် မြဝတီ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ရန်စဉ်သေဆုံးသွားခဲ့ကြောင်း မြဝတီမြို့မရဲစခန်း မှတ်တမ်းအရ သိရသည်။

“ကိုတုတ်ထိုး တစ်ယောက် ဒယိမ်း ဒယိုင်နဲ့ ‘ကယ်ကြပါ၊ ကယ်ကြပါ’ ဆိုပြီး အော်လာတာ လမ်းထိပ်မှာရှိတဲ့ သူ့ရဲ့ ဘတ်လဲခုံ နားရောက်တော့ လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်ကို မှီလိုက်တာ ဆိုင်ကယ်ရော လူရော လဲကျသွားတာပါပဲ”ဟု မဟူရာလမ်းထောင့်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ဓားဖြင့်ထိုးခဲ့သည့် သီဟဇော် ဆိုသူသည် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ရွာမလမ်းတွင် နေထိုင်သူဖြစ်ပြီး မြဝတီမြို့ရှိ ဇော်မင်းထွန်း၏ ငွေလဲလုပ်ငန်း၌ ဝင်ရောက် လုပ်ကိုင်နေသူဖြစ်ကြောင်း မြဝတီမြို့မရဲစခန်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် သီဟဇော်မှာ ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့မှ လိုက်လံဖမ်းဆီးရာ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက် ညဈေးဟောင်းအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ပါရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ စီစစ်ရာ ပြစ်မှုကျူးလွန်သူ သီဟဇော်မှာ သေဆုံးသူ ဇော်မင်းထွန်း၏ အလုပ်သမား ဖြစ်ကြောင်း၊ အလုပ်ရှင်မှ အမြဲတစေ အနိုင်အထက် ဆက်ဆံမှုများရှိ၍ သီးခံနိုင်ခြင်း မရှိတော့ သဖြင့် တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ကြရာမှ အရိုးအသွား ၁၄ လက်မခန့်ရှိ မီးဖိုချောင်သုံးဓားဖြင့် နှစ်ချက်ခန့် ထိုးသွင်းခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း ရဲမှတ်တမ်း စစ်ဆေးချက်အရ သိရသည်။

လူအသက်သေဆုံးစေအောင် ပြုလုပ်ခဲ့သူ သီဟဇော်ကို မြဝတီရဲစခန်းမှ (ပ)၄၁၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အဆိုပါရဲစခန်းမှ သိရသည်။

Written by – ဆုလာဘ်

Leave a Reply