မြဝတီတွင် ဖောက်ထွင်း ခိုးယူသူအဖွဲ့ ဖမ်းမိ

မြဝတီ ဇန်နဝါရီ

ကရင်ပြည်နယ်  မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင်မရှိခိုက် မီးခံသေတ္တာ၊ ရွှေထည်ပစ္စည်းများနှင့် ငွေကျပ် သိန်း ၄၀ ခန့် ဖောက်ထွင်း ခိုးယူသွားသည့်အဖွဲ့ကို ပြစ်မှုကျူးလွန်အပြီး ၃၈ ရက်အကြာ ဇန်နဝါရီ ၁၆ ရက်တွင် ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယင်းရပ်ကွက် အောင်မြေရွှေဘုံ ၃ လမ်းနေ ဦးမျိုးလွင်မှာ မြိုင်ကြီးငူဆရာတော် ဈာပနပွဲသို့ သွားရောက်နေစဉ် ယမန်နှစ် ၂၀၁၈ နိုဝင်ဘာ၂၇ရက်က နေအိမ်တွင် မီးခံသေတ္တာပျောက်ဆုံးသွားကြောင်း သိရ သဖြင့် နေအိမ်သို့ ပြန်လာပြီး စစ်ဆေးရာ ငွေစက္ကူရောရာ သိန်း ၄၀ခန့်၊ ရွှေထည်ပစ္စည်းများအပြင် လက်ကိုင် ဖုန်းတစ်လုံးပါ ပျောက်ဆုံးနေကြောင်း သိရသည်ဟု ဆို၏။

ဦးမျိုးလွင်၏ တိုင်ကြားချက်ကြောင့် ( ပ)၉၇၃/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ ဖြင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း မြဝတီမြို့မရဲစခန်းထံမှ သိရသည်။

မြန်မာငွေရောရာ ကျပ်သိန်း(၄၀) ၊ ဖုန်းနှင့် စာရွက်စာတန်းများအပါအဝင် ရွှေထည်ပစ္စည်းမျိုးစုံ ကာလတန်ဖိုး ၁,၉၅၀,၀၀၀ကျပ်ခန့် ခိုးယူသွားသူ သုံးဦးကို မြဝတီမြို့မရဲစခန်းမှ ရဲအုပ် အောင်ချမ်းမွန် ဦးစီး နယ်ထိန်းတပ်ဖွဲ့က ဇန်နဝါရီ ၁၆ ရက်တွင် ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

နယ်ထိန်းတပ်ဖွဲ့ဝင်များက အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ နယ်မြေအတွင်း လုပ်ငန်းဆောင်ရွက်နေစဉ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် အေးသာယာ ၃ လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ထက်လင်းဆိုသူနှင့် ပြည့်ဖြိုးသိန်း(ခ)ကတုံးဆိုသူတို့နှစ်ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

၎င်းနှစ်ဦး၏ ထွက်ဆိုချက်အရ အမှတ် ၄ ရပ်ကွက် အောင်မြေရွှေဘုံ ၃ လမ်း နေအိမ်တစ်အိမ်မှ ခိုးယူခဲ့သော မီးခံသေတ္တာကို ခိုးယူခဲ့ပြီး အဆိုပါ ရပ်ကွက် အေးသာယာ ၃ လမ်းနေ စောထူး(ခ)အောင်ကိုဝင်းထံ နိုဝင်ဘာ ၂၈ ရက်တွင် အပ်နှံထားကြောင်း ရဲတပ်ဖွဲ့က စစ်ဆေးပေါ်ပေါက်သဖြင့် သက်သေများနှင့်အတူူ သွားရောက်သွားရောက်သိမ်းဆည်းခဲ့ကြောင်း သိရသည်။

စောထူး(ခ)အောင်ကိုဝင်းနေအိမ်တွင် သော့ဖျက်ဖွင့်ထားသော ခဲရောင်မီးခံသေတ္တာတစ်လုံးနှင့် မီးခံသေတ္တာအတွင်းမှ ၁၂ပဲရည်မြန်မာရွှေအလေးချိန် တစ်ပဲနှစ်ရွေးခန့်ရှိ စိန်ခြယ်နားကပ်တစ်ရံ၊ ၁၂ပဲရည် မြန်မာရွှေအလေးချိန် တစ်ပဲသုံးရွေးခန့်ရှိ တစ်လုံးစိန်နားကပ်တစ်ရံ(နောက်ပိတ်မပါ)၊ ကွင်းကပ်အစဖြင့် ထုတ်ထားသော အလုံးသေးမြကျောက်၁၆လုံး၊ ငွေရောက်ဖန်စီဆွဲကြိုးတစ်ကုံး၊ ရွှေရောင်ဖန်စီဆွဲကြိုးတစ်ကုံး၊ မြန်မာရွှေ အလေးချိန်နှစ်ရွှေးခန့် ကွင်းပါ ပုလဲလော့ကတ်သီးတစ်ခု၊ ကျောက်ဖြူပါ မိုးစက်ပုံလော့ကတ်သီး တစ်ခု၊အစိမ်းရောင် ငွေစုစာအုပ်တစ်အုပ်၊ အဝေးသင်တက္ကသိုလ်ကျောင်းသားကဒ်တစ်ခု၊ နိုင်ငံသားစိစစ်ရေးကဒ် လေးခု၊ မြန်မာငွေရောရာ ၁,၁၂၄,၀၀၀ကျပ် ၊ မြေအရောင်းအဝယ်စာချုပ်နှစ်စောင်အပြင် နေအိမ်ရှေ့ ရပ်ထားသော 4C/3732 နံပါတ်တပ် မတ်တူးအမျိုးအစား အဖြူရောင်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ ထပ်မံစစ်ဆေးချက်အရ စောထူး၏ အိပ်ခန်းခေါင်းအုံးအောက်မှ ME အမျိုးအစား ရွှေအိုရောင်ဖုန်းတစ်လုံး၊ ၁၄ပဲရည် အလေးချိန် ခုနှစ်ပဲနှစ်ရွေးခန့်ရှိ ထိုင်းဘတ်ရွှေဆွဲကြိုးတစ်ကုံး၊ ၁၄ပဲရည် အလေးချိန် တစ်ပဲ နှစ်ရွေးရှိ ထိုင်းဘတ်ရွှေဆွဲကြိုးတစ်ကုံး၊ ၁၄ပဲရည် ထိုင်းဘတ်ရွှေ အလေးချိန် (၁-ပဲ)နှင့်(၆.၅-ရွေး)ရှိ ကျောက်ဆူးပုံလော့ကတ်သီးတစ်ခု၊ ၁၄ပဲရည် ထိုင်းဘတ်ရွှေ အလေးချိန် သုံးပဲငါးရွေးရှိ အုတ်ပုံလက်စွပ် တစ်ကွင်းတို့ကိုလည်း  ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သို့ဖြစ်၍ စောထူး(ခ)အောင်ကိုဝင်း(၃၄နှစ်)၊ ထက်လင်း(၁၇နှစ်၊ လိပ်စာတူ)နှင့် ပြည်ဖြိုးသိန်း(ခ)ကတုံး(၂၈နှစ်၊ လိပ်စာတူ)တို့သုံးဦးကို ဆက်လက်စစ်ဆေးလျက်ရှိပြ့ီး ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်းရမိရန် ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

ဆုလာဘ်(မြဝတီ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.