မြဝတီ၊ဖေဖော်ဝါရီ ။ ။မြန်မာ-ထိုင်းနယ်စပ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်တွင် အရက်သောက်စားမူးယစ်ပြီး ၄ နှစ်အရွယ်သာ ရှိသေးသည့် သားငယ်ကို ဓားဖြင့်ခုတ်သတ်ကာ အမှိုက်ကျင်းထဲ ပစ်ထားခဲ့သည့်ဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၂၃ ရက် ည ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။

မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ ဟေမန်ဦး သင်္ချိုင်းအနောက်ဘက်၌ နေထိုင်သူ ဦးပိုင်စိုး (၃၂ နှစ်) သည် အဆိုပါ ည ၁၁ နာရီ ၅၀ မိနစ်တွင် နေအိမ်သို့ ပြန်လာခဲ့ပြီး အသက် ၄ နှစ်သာရှိသေးသော သားဖြစ်သူ ခါးချင်ဘိုးကြီးကို ဓားဖြင့်ခုတ်သတ်၍ နေအိမ်နှင့် ၁၀ ပေခန့်အကွာရှိ အမှိုက်ကျင်းထဲ စွန့်ပစ်ခဲ့ခြင်းဖြစ်ကြာင်း မြဝတီမြို့မရဲစခန်း မှတ်တမ်းအရ သိရသည်။

ယင်းသတင်းအရ မြဝတီရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် သက်နိုင်စိုးသည် ရဲတပ်ကြပ် အောင်မင်းဦး၊ ရဲဒုတပ်ကြပ် အောင်ကိုကို၊ ရဲဒုတပ်ကြပ် ဇော်ဇော်ထွန်းနှင့် သက်သေ ရပ်ကွက်လူကြီးများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ကလေးငယ်မှာ အမှိုက်ကျင်းအတွင်း မှောက်လျှက် အနေအထားဖြင့် သေဆုံးနေခြင်းဖြစ်သည်ဟု ယင်းမှတ်တမ်းတွင် ပါရှိသည်။

ဖခင်ဖြစ်သူက ဓားဖြင့်ခုတ်ခဲ့ခြင်းကြောင့် ကလေးငယ်၏ ညာဘက်လက်မောင်း ပြတ်ရှဒဏ်ရာတစ်ချက်၊ လည်ပင်းတွင် တစ်ဝက်နီးပါး ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း မြဝတီမြို့မရဲစခန်း မှတ်တမ်းအရ သိရသည်။

ထို့ပြင် အရက်ကြောင်၍ သားအရင်းဖြစ်သူကို ခုတ်သတ်ခဲ့သည့် ဦးပိုင်စိုးမှာ သူ၏ နောက်ကလေးတစ်ဦးအား ချီလျှက် ဓားကိုင်ကာ ထွက်ပြေးသွားကြောင်း သိရ၍ သက်ဆိုင်ရာ နယ်ထိန်းအဖွဲ့မှ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲပိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မရဲစခန်း မှတ်တမ်းတွင် ပါရှိသည်။

သို့ဖြစ်၍ သားအရင်းကို ဓားဖြင့်ခုတ်သတ်ခဲ့သူ ဖခင်ဖြစ်သူ ဦးပိုင်စိုးကို မြဝတီမြို့မရဲစခန်းမှ (ပ) ၁၆၁/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အရေးယူပြီး အမှုအား စခန်းမှူးဒုရဲမှူး ကိုကိုနိုင်က အမှုစစ်အဖြစ် ဆောင်ရွက်စစ်ဆေးလျှက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

Written by – ဆုလာဘ်နန္ဒာ

Leave a Reply