မြဝတီ၊ မတ် ၁ ။ ။ မြန်မာ-ထိုင်းကုန်သွယ်ရေး စခန်းများအနက် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသည် ယခင်နှစ်ကထက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၅၂၁ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေး ဦးစီးဌာနမှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုရာတွင် နယ်စပ်စခန်းများအနက် အများဆုံးကုန်သွယ်နိုင်သည့် မြဝတီနယ်စပ်မှ ၂၀၁၆-၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်ထိ အမေရိကန်ဒေါ်လာ ၇၇၄ ဒသမ ၃၇၂သန်း ကုန်သွယ်နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၆၂၇ ဒသမ ၈၅၁ သန်းနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁၄၆ ဒသမ ၅၂၁ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မြဝတီနယ်စပ်ကုန်သွယ်လမ်း ဒေါနတောင်ကျော်အာရှလမ်း ဖွင့်လှစ်ပြီးနောက်မှာ အရင်တုန်းကလို  အတက်တစ်ရက် အဆင်းတစ်ရက် မဟုတ်တော့ဘဲ နေ့စဉ် အတက်အဆင်း ကုန်သွယ်လို့ရတဲ့အတွက်  ရန်ကုန်ဈေးကို နေ့ချင်းပြန်အရောက် ပို့ဆောင်နိုင်ပြီဖြစ်တာကြောင့်  ကုန်သွယ်မှု ပိုမိုမြင့်တက်လာတာ ဖြစ်တယ်”ဟု မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံ၏ ကုန်သွယ်မှု တံခါးပေါက် မဲဆောက်- မြဝတီ လမ်းကြောင်းမှ ယခုနှစ်တွင် လယ်ယာသုံးပစ္စည်းများ ပိုမိုတင်သွင်းလာပြီး အိမ်ဆောက်ပစ္စည်း၊ သွတ်၊ သံ၊ ဘိလပ်မြေ၊ အိမ်သာကြွေခွက်၊ ကော်ပစ္စည်းအသုံးအဆောင်များလည်း ပိုမိုတင်သွင်းလာကြကြောင်း သိရသည်။

ထို့ပြင် ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်များအား ဆိုင်ကယ်ရောင်းဝယ်ရေး ကုမ္ပဏီများက တရားဝင်တင်သွင်းလျက်ရှိပြီး လယ်ထွန်စက်၊ စပါးခြွေလှည့်စက်၊ ကူဘိုတာလယ်ယာသုံးစက်ယန္တရားများ တင်သွင်းလာကြကြောင်း၊ ယခင်က ပုံမှန်တင်သွင်းလျက်ရှိသည့် အဝတ်အထည်၊ စားသောက်ကုန်နှင့် အချိုရည်မျိုးစုံတို့မှာ ယခင်နှစ်က ထက်တင်သွင်းလာသလို စက်သုံးဆီနှင့် ဓာတ်ငွေ့ရည်တင်သွင်းမှုမှာလည်း ပိုပိုများပြားလာကြောင်း သိရသည်။

ထိုင်းနိုင်ငံထုတ် သကြားများအား Re export အဖြစ် တရုတ်နိုင်ငံသို့ အလုံးအရင်းဖြင့် တင်ပို့လျက်ရှိပြီး  မြန်မာနိုင်ငံထွက် ကြံများ၊ ရေထွက်ကုန် ငါး၊ ပုဇွန်၊ ဂဏန်း၊ ငါးရှဉ့်နှင့် လယ်ယာထွက်ကုန် နှမ်းနက်၊ ကြက်သွန်၊ ပဲ၊ ငရုတ်သီး၊ လက်ဖက်နှင့် ပြောင်းဖူးများအား ထိုင်းနိုင်ငံဘက်သို့ တင်ပို့လျက်ရှိကြောင်း နယ်စပ်ကုန်သွယ်ရေး စခန်းမှ သိရသည်။

Written by- ဆုလာဘ်

Leave a Reply