မြဝတီ ဇွန် ၁

ထိုင်း – မြန်မာနယ်စပ်သို့ ဦးတည်ရာ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြန်လမ်းမကြီးပေါ်ရှိ ဂျိုင်းမြစ်ကူး ပွန်တွန်းတံတား(ဘောတံတား)သစ်ကို ယနေ့ ဖွင့်လှစ်လိုက်သည်။

“အရှည် ၆၈၀ ပေရှိတဲ့၊ တန် ၆ဝ ခံနိုင်မယ့် ပွန်တွန်းတံတားအသစ်ကို ကျပ်ငွေ သိန်းပေါင်း ၂၄၀၀၀ ကျော် အကုန်ကျခံပြီး ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာလို့ရအောင် ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်၊ ရည်ရွယ်ချက်ကတော့ မိုးကာလရောက်ရင် မြစ်ကရေများလာတာနဲ့အမျှ လက်ရှိတံတားကနေ ကုန်တင်ယာဉ်တွေ
ဖြတ်သန်းဖို့ အခက်အခဲဖြစ်တဲ့အခါကျတော့ ကုန်စည်စီးဆင်းမှုတွေ နောက်ကျကုန်မယ် ၊ကုန်စျေးနှုန်းတွေ တက်လာမယ်၊ တံတားဖြတ်သန်းဖို့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်လာမယ်၊ ဒါကို ဖြေရှင်းနိုင်ဖို့ ဘောတံတားသစ် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်”ဟု တံတားတည်ဆောက်ရေးလုပ်ငန်းကို ဖော်ဆောင်ခဲ့သည့် နယ်စပ်ဒေသ သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီလီမိတက်ဥက္ကဌ ဦးကျော်မျိုးနိုင်က ပြောသည်။

ယင်းတံတားကို ကရင်ပြည်နယ်အစိုးရ ခွင့်ပြုချက်ဖြင့် ကျပ်သိန်းပေါင်း နှစ်သောင်းကျော် အကုန်ကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းတင်ဒါအောင်မြင်ခဲ့သော နယ်စပ်ဒေသ သယ်ယူပို့ဆောင်ရေးနှင့်ဝန်ဆောင်မှုလုပ်ငန်းရှင်များ ကုမ္ပဏီက ၂ဝ၁၉ ဖေဖော်ဝါရီလ၁၁ ရက်မှစ၍ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

“ဒီဘောတံတားက တန်ချိန် ၆၀ စံနှုန်းထားပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာ နိုင်ငံမှာရော၊ အာဆီယံ မှာရော စံနှုန်းအမြင့်ဆုံးသတ်မှတ်ထားတဲ့ ၅၀.၅ တန် ယာဉ်ကြီးတွေအားလုံးကို ကန့်သတ်စရာမလိုဘဲ ဖြတ်သန်းနိုင်အောင် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်” ဟု တင်ဒါအောင် ကုမ္ပဏီ ဥက္ကဋ္ဌက ဖြည့်စွက်ပြောဆိုသည်။

ယခင် ဂျိုင်း-ကော့ကရိတ် ကြိုးတံတားမှာ ၂၅ တန် ခံနိုင်ဝန်ရှိပြီး ကာလကြာရှည်သည်နှင့်အမျှ ခံနိုင်ဝန် ကျဆင်းလာခဲ့ရာ လက်ရှိအချိန်တွင် ၁၃ တန်နှင့်အောက်ယာဉ်များသာ ဖြတ်သန်းခွင့် ပြုထားသည်။ ၁၃ တန်အထက်ယာဉ်များကိုမူ သစ်တောက်ငှက်ကုမ္ပဏီမှတည်ဆောက်ထားသောပွန်တွန်းဘောတံတားဟောင်းမှသာ သက်ဆိုင်ရာက သွားလာခွင့်ပြုထားသည်။

လက်ရှိဘောတံတားကြံ့ ခိုင်မှုလျော့ကျလာခြင်း ၊ ကုန်သွယ်ယာဉ်အရေအတွက် ပိုမိုများပြားလာခြင်းတို့ကြောင့် ရှိရင်းစွဲတံတားနှင့် ပေ ၁၅ဝ အကွာတွင် တည်ဆောက်ခဲ့သည်။

ဘောတံတားကို အလျား ၄၈ပေ၊ အနံ၁၅ပေ နှင့် အမြင့်၅ပေရှိ ဘောတွဲ ၂၆ လုံးဖြင့် တည်ဆောက်ထားပြီး ရေဝင်ပေါက်ပြဲမှုအတွက် အပိုတစ်လုံးကိုလည်း အသင့်အနေအထား ပြင်ဆင်ထားသည်ဟု သိရသည်။

တံတားသစ် ဖွင့်လှစ်ပွဲအခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ ကရင်ပြည်နယ် နယ် ခြားစောင့်တပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ နှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့် ၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့် နယ်စပ်ကုန်သည်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နယ်စပ်ကုန်သွယ်လမ်းကြောင်း၊ ဒေသတွင်း အကျိုးရှိသည့် လုပ်ငန်း ကို အားလုံးက ဝိုင်းဝန်း ကူညီပေးကြရန် တိုက်တွန်းခဲ့သည်။

ဆုလာဘ်(မြဝတီ)

Leave a Reply