မြဝတီ၊ အောက်တိုဘာ

မြန်မာ – ထိုင်းနယ်စပ်၊ မြဝတီအပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံအတွင်းသို့ E-Visa ဖြင့် ဝင်ရောက်လာသူ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလကုန်ထိကိုးလအတွင်း ၁၉၇၄၃ ဦး ဝင်ရောက်ခဲ့ရာ ယခင်နှစ်တစ်နှစ်လုံးထက် တစ်သောင်းကျော် များပြားလာခဲ့ကြောင်း မြဝတီ ချစ်ကြည်ရေးတံတားမှသိရသည်။

ယခုနှစ်တွင် မြန်မာနိုင်ငံအတွင်း၌ စီးပွားရေးလာရောက်လုပ်ကိုင်သူများကြောင့် အလည်ဗီဇာအပြင်စီးပွားရေးဗီဇာများအား Online မှ လျှောက်ထားမှုများပြားလာခြင်း ဖြစ်သည်ဟုသိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလတစ်ရက်နေ့မှ စက်တင်ဘာလ ကုန်ထိ E-Visa ဖြင့် ဝင်လာသည့် အလည်လာသူနှင့် စီးပွားရေးလာလုပ်သူ နိုင်ငံခြားသား အမျိုးသား၊ အမျိုးသမီး ၁၉၇၄၃ ဦး ဝင်ရောက်ခဲ့သည့်အတွက် ယခင်နှစ် ၂၀၁၈  ခုနှစ်တစ်နှစ်လုံး ဝင်ရောက်ခဲ့သည့် ၈၁၈၇ ဦးထက် ၁၁၅၅၆ ဦးပိုမိုများပြားခဲ့ကြောင်း သိရသည်။

မြဝတီ အပြည်ပြည်ဆိုင်ရာ ဝင်ထွက်ပေါက်မှ E-Visa ဖြင့်ဝင်ရောက်ခွင့်ကို ၂၀၁၆ ခုနှစ်သြဂုတ်လ ၂၅ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့သည့်ရက်မှ ဒီဇင်ဘာလကုန်ထိ နိုင်ငံခြားသား ၁၀၉၈ဦး ဝင်ရောက်ခဲ့သည်။

ထို့အပြင် ၂၀၁၇ ခုနှစ်တွင်စီးပွားရေးအရ ဝင်ရောက်လာသူမရှိဘဲ အလည်အပတ် သာE-Visa ဖြင့်ဝင်ရောက်ခဲ့သူ နိုင်ငံခြားသား အမျိုးသား အမျိုးသမီး ၅၆၆၇ ဦး ဝင်ရောက်ခဲ့ကြောင်း သိရသည်။ E-Visaဖြင့် ဝင် /ထွက် သွားလာ ခွင့်ပြုလိုက်သည့်အတွက် ခရီးသွားလာမှု ပိုမိုမြန်ဆန်လာခဲ့ကာ၂၀၁၆ခုနှစ် သြဂုတ်လ၂၅ ရက်နေ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်ထိ E-Visa ဖြင့် ဝင်ရောက်ခဲ့သူ နိုင်ငံခြားသား စုစုပေါင်း ၃၄၆၉၅ ဦး  ဝင်ရောက်ခဲ့ကာ ပြန်လည်ထွက်ခွာသူများလည်းရှိသည်။

ဆုလာဘ်

Leave a Reply