Advertisements

မြဝတီ၊ အောက်တိုဘာ ၁၀ ရက်။

မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားအတွက် Gas အသုံးပြု လည်ပတ်မည့် မီးစက်(၃)လုံး ဖြည့်ဆည်းပေးမည်ဖြစ်ကြာင်း ရွှေမြစ်သောင်ရင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေး လုပ်ငန်းမှ သိရှိရသည်။

မြဝတီမြို့မှာ ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူသုံးစွဲနေရပြီး လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို Gas အ သုံးပြုလည်ပတ်၍ (၂)မဂ္ဂါဝပ်ထွက်ရှိမည့် မီးစက်ကြီး(၃)လုံးဖြင့် ၂၀၁၇ နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ ဖြည့်ဆည်း ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ကုမ္ပဏီ စတင်တာဝန်ယူတဲ့အချိန်မှာပဲ ထိုင်းကို ဘတ်သိန်း(၁၇ဝ)သွင်းခဲ့ရတယ်။ မြန်မာငွေနဲ့ဆို ကျပ်သိန်း(၇ဝဝဝ)ပေါ့။ ကျွန်တော်တို့ ကုမ္ပဏီလက်ထဲမှာ မြဝတီလျှပ်စစ်မီးကို တာဝန်ယူထားတော့ မီးနဲ့ပတ် သက်လာရင် ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ ပြည်သူတွေကတော့ မီးပျက်ရင်ဆဲမှာပဲ၊ ပြောကြမှာပဲ။ ဒါကို စိတ်ဆိုးလို့တော့မရဘူး။ ကျွန်တော်တို့အနေနဲ့ ဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာကိုပဲ စဉ်းစားရမှာဖြစ် တယ်။ ဒါကြောင့် စက်မှုဇုန်မှာ(၂)မဂ္ဂါဝပ်ဓာတ်အားထုတ်ဖို့ ကျွန်တော်လုပ်ပါတယ်။ (၂)မဂ္ဂါဝပ်ထုတ်ဖို့ ကျပ်သိန်း (၈ဝဝဝ)ကုန်တယ်။မီးစက်ကြီးတွေက (၃)လုံးပါ။ မီးစက်ကြီးတွေကို ဂတ်(စ်)နဲ့လည်မှာပါ။”ဟု ရွှေမြစ်သောင်ရင်း ကုမ္ပဏီပိုင်ရှင် ဦးစောတင်ဝင်းက ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံမှ ဝယ်ယူထားသည့် လျှပ်စစ်ဓာတ်အားမှာ (၈)မဂ္ဂါဝပ်ဖြစ်သော်လည်း (၈)မဂ္ဂါဝပ် အပြည့်အဝ မရရှိသောကြောင့် အပြည့်ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရွှေမြစ်သောင်ရင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးရေးလုပ်ငန်းမှ သိရသည်။

မြဝတီမြို့တစ်ခုလုံးအတွက် လျှပ်စစ်မီးပေးနေသည့် ဓာတ်အားမှာ (၆.၈)မဂ္ဂါဝပ်သာရှိသဖြင့် ဓာတ်အား(၈)မဂ္ဂါ ဝပ်အပြည့်ရရှိရန် စက်တင်ဘာလက ထိုင်းလျှပ်စစ်ဌာနသို့ ထိုင်းဘတ်ငွေ(၃၁)သန်းကျော်ကို အာမခံငွေအဖြစ် ပေးသွင်းခဲ့ကြောင်း သိရသည်။

“လက်ရှိအနေနဲ့ ကျွန်တော်တို့ကုမ္ပဏီ ရင်းနှီးမြှုပ်နှံထားတဲ့ငွေပမာဏက ကျပ်သိန်း(၃ဝဝဝဝ)ခန့်ရှိပါပြီ။ အမြတ် တစ်ပြားမှ မရသေးသလို အရင်းပြန်ရဖို့တောင်မစဉ်းစားနိုင်ပါဘူး။ သို့သော်လည်း ပြည်သူတွေ မီးမှန်မှန်သုံးရပြီး စိတ်ချမ်းသာဖို့ကို ကျွန်တော်တို့ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ အခုလာမယ့် နိုဝင်ဘာလဆန်းဆိုရင် ထိုင်းက ထပ်တိုးမယ့်(၁.၂)မဂ္ဂါဝပ်ရယ်၊ ကျွန်တော့်စက်ကြီး(၃)လုံးနဲ့လည်ပတ်မယ့် (၂)မဂ္ဂါဝပ်ရယ်ဆိုရင် မြဝတီမြို့ကြီး မီးမှန်စေရမယ်လို့ ကျွန်တော် ရဲရဲကြီးပြောလိုက်ပါတယ်ဗျာ။”ဟု ဦးစောတင်ဝင်းက ပြောသည်။

ရွှေမြစ်သောင်ရင်းကုမ္ပဏီမှာ ၂၀၁၇ မတ်လပိုင်းမှ စတင်တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါကုမ္ပဏီတာဝန်ယူပြီး ကာလအတွင်း ယခင်ကုမ္ပဏီထက် လျှပ်စစ်မီးပိုမိုပြတ်တောက်ခြင်း၊ အပြည့်အဝမရရှိခြင်းနှင့် အပိုင်းလိုက် အလှည့်ကျ မီးဖြတ်ခြင်းများရှိလာသောကြောင့် မြို့နေပြည်သူလူထုမှာ မကျေနပ်မှုများရှိနေသဖြင့် လျှပ်စစ်မီး အပြည့်အဝရရှိစေရေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြို့နေပြည်သူများ အခက်အခဲမဖြစ်စေရေးအတွက် လျှပ်စစ်ဓာတ်အား အသုံးပြုမှုများပြားသည့် ဟိုတယ်များနှင့် အခြားနေရာများအား ညပိုင်းတွင် ခေတ္တမီးအားဖြတ်တောက်စေပြီး ရပ်ကွက်များအတွင်း ဓာတ်အားလွှတ်ပေးနေခြင်းဖြစ်ကာ နိုဝင်ဘာလပထမအပါတ်တွင်း အဆိုပါ လျှပ်စစ်မီးပြဿနာများအားလုံး ပြေလည်သွားမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Leave a Reply