မြဝတီမြို့တွင် ဖယောင်းတိုင်မီးမှ တစ်ဆင့် နေအိမ်(၂)လုံးနှင့် တန်းလျား(၂)ခု မီးလောင် ကျပ်သိန်း ၃၀ ခန့် ဆုံးရှုံး

မြဝတီ၊ အောက်တိုဘာ ၁၁ ရက်။

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အောက်တိုဘာ ၁၀ ရက်၊ ည(၁၁)နာရီဝန်းကျင်က ဖယောင်းတိုင်မီးမှ တဆင့် နေအိမ်(၂)လုံးနှင့် တန်းလျား(၂)သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းကြောင့် ကျပ်သိန်း ၃၀ ခန့် ဆုံးရှုံးခဲ့ကြောင်း မြဝတီမြို့မ ရဲစခန်းမှ သိရှိရသည်။

မြဝတီမြို့ အမှတ်(၁)ရပ်ကွက်၊ နှင်းဆီလမ်းရှိနေအိမ်တွင် အိမ်ငှားနေထိုင်သူသည့် မိသားစုမှ သားဖြစ်သူ၏အခန်း၌ မီးမလာသဖြင့် အမေဖြစ်သူက ဖယောင်းတိုင်မီးထွန်းပေးပြီးနောက် မီးမငြှိမ်းဘဲ အိပ်ပျော်သွားရာမှ မီးကူစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

“ည(၁၀)နာရီခွဲလောက်မှာ သားဖြစ်သူကနေ မီး၊ မီးလို့ အော်သံကြားလို့ အမေဖြစ်သူက အိပ်ရာကနေထကြည့် တော့ အခန်းထဲက သစ်သားနံရံနဲ့ မွေ့ယာတွေကို မီးစွဲလောင်နေတာကိုတွေ့လို့ အိမ်အပြင် ထွက်ပြေးခဲ့ကြတာ လို့ သိရပါတယ်။”ဟု မြဝတီမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

မီးလောင်မှုစတင်ဖြစ်ပွားသည့် နေအိမ်မှ တစ်ဆင့် ညာဘက်ကပ်လျှက်ရှိ သွပ်မိုး၊ ပျဉ်ကာ(၇)ခန်းတွဲတန်းလျား (၁)ခု၊ ဘယ်ဘက်ကပ်လျှက်ရှိ သွပ်မိုး၊ ပျဉ်ကာ(၅)ခန်းတွဲတန်းလျား(၁)ခုနှင့် သွပ်မိုး၊ ပျဉ်ကာအိမ်(၁)လုံးတို့ကို မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြဝတီရှေ့တန်းရုံးမှ တပ်မ တော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၅)စီးနှင့်အတူ မီးလာရောက်ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု(၁၄)စု၊ ကျား(၂၇)ဦး၊ မ(၂၂)ဦး၊ စုစုပေါင်း(၄၉) ဦးတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသ ဖြင့် မြဝတီခရိုင်မှ သက်ဆိုင်ရာ တာဝန်ရှိသူများက နေထိုင်ရေးနှင့် စားစရာများကို စီစဉ်ပေးနေကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ မီးပေါ့ဆစွာအသုံးပြုပြီး မီးလောင်ကျွမ်းစေသည့် အိမ်ငှားအမျိုးသားကို မြဝတီ မြို့မ ရဲစခန်းမှ (ပ)၁ဝ၄၇/ ၂ဝ၁၇၊ မီးပေါ့ဆစွာသုံးစွဲမှု ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Leave a Reply