မြဝတီ၊ အောက်တိုဘာ ၂၄ ရက်။

\ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ မော်တော်ဆိုင်ကယ်အသစ်ဈေးကွက်မှာ ဒေါ်လာဈေးနှင့်အပြိုင် မြင့်တက် လာသော ထိုင်းဘတ်ငွေဈေးကြောင့် ယခင်လများကထက် ဆိုင်ကယ်ဈေးနှုန်းများမြင့်တက်လာကြောင်း မြဝတီမြို့ရှိ ဆိုင်ကယ်အရောင်းဆိုင်များထံမှ သိရှိရသည်။

“ဒီလကတော့ ဒေါ်လာဈေးနဲ့အပြိုင်ပေါ့။ ဒီထိုင်းဘတ်ငွေဈေးကလည်း မြင့်တက်လာတော့ ဆိုင်ကယ် ဈေးတွေက အရင်လတွေထက်တော့ အများကြီးမဟုတ်ပေမယ့် အနည်းငယ်ဈေးတက်သွားတာပေါ့။” ဟု မြဝတီမြို့တွင် ဆိုင်ကယ်အရောင်းစင်တာဖွင့်လှစ်ရောင်းချနေသူ ဦးမောင်ဝင်းက ပြောသည်။

မြဝတီမြို့ရှိ ဆိုင်ကယ်အရောင်းစင်တာများတွင် ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များ၊ ဗီယက်နမ်နိုင်ငံထုတ် ဆိုင်ကယ်များရောင်းချလျှက်ရှိပြီး လက်ရှိအရောင်းသွက်နေသော ဆိုင်ကယ်များမှာ ထိုင်းနိုင်ငံမှ ၂ဝ၁ ၇ ခုနှစ် အောက်တိုဘာလထုတ် မော်ဒယ်သစ်များဖြစ်ကြောင်း သိရသည်။

လက်ရှိမြဝတီမြို့မှ Honda အရောင်းစင်တာများတွင် ၂ဝ၁၇ ခုနှစ် အောက်တိုဘာလထုတ် မော်ဒယ် အသစ် ဆိုင်ကယ်များ၏ ရောင်းဈေးမှာ Honda PCH အင်ဂျင်ပါဝါ ၁၅ဝ တစ်စီးလျှင် ကျပ်သိန်း(၃ဝ) ကျော်၊ CBR အင်ဂျင်ပါဝါ ၁၅ဝ ဆိုင်ကယ်တစ်စီးလျှင် ကျပ်သိန်း(၃ဝ)ကျော်၊ Click-i အင်ဂျင်ပါဝါ ၁၂၅ ဆိုင်ကယ်တစ်စီးလျှင် ကျပ်(၁၉)သိန်းကျော်၊ Scoopy-i အင်ဂျင်ပါဝါ ၁၁၀ ဆိုင်ကယ်တစ်စီးလျှင် ကျပ် (၁၉)သိန်း၊ ဂျပန်တစ်ပတ်ရစ် Honda၊Yamaha၊ Suzuki အမျိုးအစား မိန်းမစီးဆိုင်ကယ်များမှာ တစ်စီးလျှင် ကျပ်(၃)သိန်းခွဲဈေးရှိကာ ယခင်လများက အဆိုပါဈေးနှုန်းထက် ကျပ်(၁)သိန်းခွဲခန့် လျော့ကျခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်ကယ်များကို ထိုင်းနိုင်ငံဘန်ကောက်မှ (၂)ထပ်မော်တော်ယာဉ်များဖြင့်တင်လာပြီး ထိုင်းအ ကောက်ခွန်ဌာနကို အခွန်ကြေးသွင်းရသဖြင့် တံတားဖြတ်သန်းခလည်းပေးဆောင်ရကာ မြဝတီကုန် သွယ်ရေးဇုန်တွင် အကောက်ခွန်ဌာနမှ ဆိုင်ကယ်များ၏ ချယ်စီနံပါတ်များ၊ သက်ဆိုင်ရာစာရွက် စာတမ်းများအားလုံးစစ်ဆေးကြောင်း သိရသည်။

“လိုင်စင်လုပ်ရင် က.ည.န ရုံးကို ခဲချစ်၊ အာမခံစာအုပ်၊ အုံနာစာအုပ်ထုတ်ဖို့ အတွက်ကျပ် (၅ဝဝဝဝ) သွင်းရပါတယ်။ ပြီးတော့ အာမခံကြေး (၅ဝဝဝ)ကျပ်သွင်းရပါတယ်။ အဲဒါတွေပြီးရင်တော့ ဘာမှမလို တော့ပါဘူး။”ဟု ဆိုင်ကယ်တင်သွင်းသူ တစ်ဦးကပြောသည်။

ဆိုင်ကယ်များကို သယ်ယူသွားသည့်မြို့ကိုရောက်ပါက ဆိုင်ကယ်များကို သယ်ယူလာသည့် စာရွက်၊ စာတမ်းအထောက်အထားများနှင့်တကွ သယ်ယူသည့်မြို့တွင်အခွန်ဆောင်ပြီး နေပြည်တော်သို့ပို့ရကာ နေပြည်တော်မှ ကနဦးမှတ်ပုံတင်ကျလာပါက သယ်ယူသွားသည့်မြို့တွင် (က.ည.န)ရုံး၌ လိုင်စင် လုပ်ခွင့်ရရှိပြီဖြစ်ကြောင်း သိရသည်။

Written by – MMK

Leave a Reply