Advertisements

မြဝတီ၊ အောက်တိုဘာ ၁၂ ရက်။

ကရင်ပြည်နယ်၊ ထိုင်းနယ်စပ် မြဝတီမြို့၌ မြန်မာ့ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေးနှင့် ထိန်းချုပ်ရေး နည်းစနစ် (MACCS)ကို ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်း ပြည်နယ်အကောက်ခွန်ဦးစီး ဌာနမှ သိရှိရသည်။

MACCS ကို ကုန်သည်လုပ်ငန်းရှင်များ၊ ကုမ္ပဏီဝန်ထမ်းများအား အသိပေးရှင်းလင်းသည့်ပွဲကို အောက်တိုဘာ ၁၁ ရက်၊ နံနက် (၉း၀၀)နာရီက မြဝတီမြို့နယ်ခန်းမ၌ ပြုလုပ်၍ အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက ရှင်းလင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အကောက်ခွန်ဦးစီးဌာနနဲ့ ဂျပန်အစိုးရရဲ့ ပံ့ပိုးမှုနဲ့ ရေးဆွဲအကောင်အထည်ဖော်နေတဲ့ MACCS စနစ်နဲ့ ရန်ကုန်မှာ ၂၀၁၆ နိုဝင်ဘာ ၁၂ ရက်မှာ စတင်အသုံးပြုလာတာ အောင်မြင်တဲ့အနေအထားဖြစ်လာပါပြီ။ အဲဒီတော့ ကျွန်တော်တို့က နယ်စပ်ဒေသတွေကို တိုးချဲ့ပြီးတော့ ဒီစနစ်ကို ကျင့်သုံးနိုင်ဖို့အတွက် စတင်တဲ့ခြေ လှမ်းတစ်ရပ်ဖြစ်ပါတယ်။”ဟု ကရင်ပြည်နယ်အကောက်ခွန်ဦးစီးမှူး ဦးဝင်းသန့်က ပြောသည်။

မြဝတီမြို့၌ အဆိုပါစနစ်ကို ကျင့်သုံးရန် စီမံကိန်းရေးဆွဲထားပြီးဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ ဝင်ရောက်လာသည့်အခါ ကောင်းမွန်သည့် နိုင်ငံတကာအဆင့်မီစနစ်တစ်ခုရှိခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဖိတ်ခေါ်နိုင်သည့် အနေအထားဖြစ်ကြောင်း အကောက်ခွန်ဦးစီးမှူး ဦးဝင်းသန့်က ပြောသည်။

“အလိုအလျောက်စနစ်ရဲ့အားသာချက်ကတော့ အစစအရာရာခိုင်မာလာတယ်၊ လျင်မြန်လာတယ်။ လျင်မြန်မှန် ကန်တဲ့စာရင်းဇယားတွေ ရရှိမှာဖြစ်ပါတယ်။ ကုန်ပစ္စည်းဈေးကွက်ကိုရောက်တဲ့အခါ ပိုမိုပြီးတော့ လျင်လျင်မြန် မြန်ရောက်နိုင်မယ်။ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း များစွာအထောက်အကူပြုပါတယ်။”ဟု ဦးဝင်းသန့်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် အဆိုပါစနစ်မပေါ်ခင်အချိန်အထိ အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းရှင်းလင်းထုတ်ယူ သည့်လုပ်ငန်းစဉ်များအားလုံးကို သမားရိုးကျနည်းစနစ်ဖြင့် လုပ်ကိုင်နေရခြင်းကြောင့် မလိုလားအပ်သည့်နှောင့် နှေးကြန့်ကြာမှုများနှင့် စာရင်းဇယားထိန်းသိမ်းမှုအပိုင်းတွင်လည်း များစွာအားနည်းခဲ့ပြီး ကုန်ကျစရိတ်များကာ တိကျခိုင်မာမှုအတွက် အာမမခံနိုင်သည့်အနေအထားဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ဒီစနစ်က ဒီမှာတာဝန်ရှိတဲ့သူတွေ ပြောပြရှင်းလင်းပြတာကတော့ ကောင်းမွန်တဲ့စနစ်တစ်ခုဖြစ်တယ်ဆိုတာ သိရတာပေါ့။ ဘာပဲဖြစ်ဖြစ် ကောင်းမွန်တဲ့စနစ်ဆိုတော့ အားလုံးပူးပေါင်းဆောင်ရွက်သွားမယ်ဆိုရင် အခက်အခဲ မရှိအဆင်ပြေသွားမှာပါ။”ဟု မြဝတီမြို့မှ ကုန်သည်လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အဆိုပါအသိပေးရှင်းလင်းပွဲသို့ ကရင်ပြည်နယ်၊ အကောက်ခွန်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးဝင်းသန့်၊ ဂျပန်နိုင်ငံ၊ အကောက်ခွန်ဌာနမှ MACCS Oversea Project Leader Mr.Michihito Kojima နှင့် တာဝန်ရှိသူများ၊ မြဝတီ မြို့မှ ကုန်သည်လုပ်ငန်းရှင်များ၊ ကုမ္ပဏီဝန်ထမ်းများနှင့် ကုန်သွယ်ရေးလုပ်ငန်းဆိုင်ရာ ဌာနအဖွဲ့အစည်းများ တက်ရောက်ခဲ့ကာ အောက်တိုဘာ ၁၂ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Advertisements
<

Leave a Reply