မြဝတီသို့ ထိုင်းမှ ပြန်လာသူ ရွှေ့ပြောင်းလုပ်သား နှစ်ရက်အတွင်း ၄၀၀ နီးပါးရှိ

မော်လမြိုင်၊ ဇွန်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မြန်မာ ထိုင်း ချစ်ကြည်ရေးတံတားမှ တစ်ဆင့် ဇွန် ၂၁ နှင့် ၂၂၊ နှစ်ရက်အတွင်းမြန်မာရွှေ့ပြောင်းအလုပ်သမား ၃၉၈ ဦးပြန်လည် ဝင်ရောက်လာကြောင်း မြဝတီမြို့မရဲစခန်းမှ သိရသည်။

ဇွန် ၂၁ ရက်နေ့တွင် အမှတ် (၄)ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ရွှေ့ပြောင်းအလုပ်သမားရုံးသို့ ရွှေ့ပြောင်းအလုပ်သမား ကျား (၂၂၆) ဦးနှင့်မ (၈၅) ဦး ပေါင်း ၃၁၁ ဦး
မော်တော်ယာဉ် ၁၆ စီးဖြင့်ပြန်လည်ဝင်ရောက်လာသည်။

ဇွန် ၂၂ ရက်နေ့တွင်လည်း ကျား(၅၈) ဦးနှင့် မ (၂၉) ထပ်မံဝင်ရောက်လာခဲ့သည်။

“အခုလိုပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆီက ငွေကြေးတစ်စုံတစ်ရာကောက်ခံခြင်း မရှိဘဲ အစွန်းရောက်အကြမ်းဖက်သမားများ၊ မူးယစ်ဆေးဝါး
များ၊ လက်နက်/ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုပြုလုပ်သူများနှင့် ငွေစက္ကူအတုများ ပါလာခြင်းမရှိစေရေး၊ အုပ်ချုပ်ရေးအဖွဲ့များ၊ လဝက၊ နယ်မြေခံရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များမှ စိစစ်ရှာဖွေခြင်း၊ စားစရာ၊ ရေနဲ့ လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးတယ်” ဟု မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူးမင်းကိုက ဟင်္သာသို့ ပြောသည်။

ဌာနေပြန် ရွှေ့ပြောင်းလုပ်သားများ ၎င်းင်းတို့ မူလနေရပ်အသီးသီးသို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ဒုရဲမှူးမင်းကိုက ပြောသည်။

ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေပြင်ဆင်ပြောင်းလဲမှုကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားမှာ နယ်စပ်ဝင်ပေါက် အသီးသီးမှ နေ့စဉ်ပြန်လည်ဝင်ရောက်လာနေကြသည်။

ခေတ်မင်း (ပျားအုံ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်