Advertisements

ဘားအံ နိုဝင်ဘာ

ကရင်ပြည်နယ် မြဝတီမြို့ ကုန်သွယ်ရေးဇုန် အဝင်အထွက်ဂိတ်ကို ယခု နိုဝင်ဘာလ ၆ ရက်က စ၍ ည ၈ နာရီမှ နံနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားခဲ့ရာ ပြည်ထောင်စုအဆင့်နှင့် ညှိနှိုင်းပြီးပါက ရှေးနည်းတူ ၂၄ နာရီ ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ထံမှ သိရသည်။

“ကုန်သွယ်ရေးတွေအပါ ပြည်ထောင်စုနဲ့ ပြန်ညှိနှိုင်းပြီးမှ ပြန်လည်ဖွင့်လှစ်ပေးသွားမယ်”ဟု ၎င်းက ဆိုသည်။

တရားမဝင် ကုန်စည်စီးဆင်းမှုများ ဖြစ်ပေါ်လျက်ရှိသောကြောင့် ထိုင်းနိုင်ငံမှ စ၍ အဝင်အထွက် ပိတ်ထားခြင်းဖြစ်သည်ဟု ဝန်ကြီးက ပြောသည်။

ယခင်က ဖော်ပြပါ စစ်ဆေးရေးဂိတ်ကို ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်ခဲ့သော်လည်း ယခုအခါ ယင်းသို့ အချိန်ကန့်သတ်၍ ဖွင့်လှစ်ထားပြီး ဝန်ထမ်းအင်အား တိုးချဲ့ကာ တာဝန် ချထားပေးနိုင်ရေး ပြည်နယ် အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရထံ တင်ပြတောင်းခံထားကြောင်းလည်း သိရသည်။

တရားမဝင်ကုန်စည် ဝင်ရောက်နေမှုကို ဟန့်တားနိုင်ရေး စစ်ဆေးရေးအဖွဲ့တွင် ပါဝင်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာန ၃ ခုကို ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် ကိုယ်တိုင် ချိတ်ဆက်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

အထက်ရုံးနှင် ညှိနှိုင်းနေစဉ်ကာလအတွင်း ယင်းသို့ အချိန်ကန့်သတ် ဂိတ်ပိတ်ထားခြင်းနှင့်ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် နယ်ခြားစောင့်တပ်များအနေဖြင့် အဆိုပါအချိန်အတွင်း အဖွဲ့ပိုင် ယာဉ်များနှင့် ကုန်သွယ်ယာဉ်များ ဖြတ်သန်းသွားလာမှု မရှိစေရေး လက်အောက်တပ်ဖွဲ့ဝင်များအား အသိပေးနှိုးဆော်သွားရန်၊ အရေးကြီးကိစ္စအတွက် မဖြစ်မနေ သွားလာရမည့် အခြေအနေဖြစ်ပါက ခရိုင် ထွေ/အုပ် နှင့် ခရိုင်ရဲမှူးရုံးထံ အသိပေး တင်ပြပြီး ခွင့်ပြုချက်ရရှိမှသာ ဖြတ်သန်းသွားလာကြရန် ပြည်နယ် လုံ/နယ် ဝန်ကြီးက အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

ယခင်ကလည်း ယခုကဲ့သို့ ပိတ်လေ့ပိတ်ထ ရှိကြောင်း၊ အချိန်ကန့်သတ် ပိတ်ထားသောကြောင့် ကုန်စည်စီးဆင်းမှုအပိုင်းတွင် စီးပွားရေးအရ ကြီးမားစွာ ထိခိုက်သွားနိုင်မည် မဟုတ်ကြောင်း ဘားအံမြို့နေ စီပွားရေး လုပ်ငန်းရှင် ကိုအောင်မိုးက မှတ်ချက်ပြုသည်။

စောအယ်လ်ဒီး

Leave a Reply