မြဝတီ နယ်စပ်တံတား ချဉ်းကပ်လမ်းမြေကိစ္စ ရုံးချိန်း ဇန်နဝါရီ ၃ ရက် ချိန်းဆို

မြန်မာ- ထိုင်း ချစ်ကြည်ရေး တံတား အမှတ် ၂ ချဉ်းကပ်လမ်းအနီး တစ်နေရာကို ၂၀၁၈ ဒီဇင်ဘာလက တွေ့မြင်ရစဉ်။

ဘားအံ ဒီဇင်ဘာ ၂၇

မြန်မာ- ထိုင်း ချစ်ကြည်ရေး တံတား အမှတ် ၂ ချဉ်းကပ်လမ်း လမ်းအူကြောင်းနှင့် မလွတ်ဟုဆိုကာ နေအိမ်ခြောက်လုံးကို သက်ဆိုင်ရာက အင်အားသုံး ဖယ်ရှားရှင်းလင်းခဲ့သည့် ကိစ္စ နေအိမ်ဖယ်ရှားရှင်းလင်းရေး အဖွဲ့ခေါင်းဆောင်ကို နေအိမ် ဖယ်ရှားခံရသူများဘက်မှ တရားစွဲဆိုထားသည့်အမှု ဒုတိယမြောက် ရုံးချိန်းကို ယခု ဇန်နဝါရီ ၃ ရက်တွင် ချိန်းဆိုထားကြောင်း သိရသည်။

တရားလိုအား စစ်ဆေးခြင်းကို ၂၀၁၈ ဒီဇင်ဘာ ၁၈ရက်နေ့က ပြုလုပ်ခဲ့ကြောင်း မြဝတီမြို့နယ်တရားရုံးထံ ဒီဇင်ဘာ ၂၇ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာမှ သိရသည်။

သက်ဆိုင်ရာက အဆိုပါနေအိမ်များကို ဒီဇင်ဘာ ၂ ရက် နံနက်တွင် ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ဖယ်ရှားခံရသူများအနက် မြေလျော်ကြေး လက်ခံမယူထားသော ဦးကျင်ထွန်းပါ ငါးဦးက မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုဇော်ကို ၆ ရက်နေ့တွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုသူ ဦးကျင်ထွန်းက နစ်နာကြေး ငွေ ကျပ် သိန်း ၅၀၀၀ ရလိုခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂၁ရက်တွင် ပြောသည်။

“နစ်နာခဲ့တာ ကျွန်တော် တစ်ယောက်တည်းမဟုတ်ဘူး၊ သက်ကြီးရွယ်အို အဖွားကြီးတွေလည်း ပါတယ်။ နောက် ကျွန်တော်က ပညာအရည်အချင်းလည်း အားနည်းတယ်၊ ၆တန်းထိပဲ သိတယ်။ ဥပဒေ ရင်ဆိုင်ဖို့ အခက်အခဲ ကျွန်တော်တို့မှာ ရှိတယ်”ဟု ၎င်းက ဆိုသည်။

နေအိမ်ဖယ်ရှားရှင်းလင်းရေး အဖွဲ့ခေါင်းဆောင် မြဝတီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးသော်လည်း လူပုဂ္ဂိုလ် ၅ ဦးမှာ လျော်ကြေး၊ နစ်နာကြေး လက်ခံရယူခြင်းမရှိ၍ အဆင့်ဆင့်တင်ပြကာ ဖယ်ရှားခဲ့ကြောင်း ပြောသည်။

တံတား ဧရိယာအတွင်းပါဝင်ပြီး လျော်ကြေးမယူသည့် နေအိမ် ၆လုံးကို ရှင်းလင်းဖယ်ရှားခဲ့သည့်ကိစ္စနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲကို ဒီဇင်ဘာလ ၄ ရက် ညနေပိုင်းက လမ်းဦးစီးဌာန ကရင်ပြည်နယ်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် ၎င်းက ယင်းသို့ ပြောဆိုထားသည်။

ယင်းသို့ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ မသိရသေးကြောင်း မြဝတီ မြို့ပြ အင်ဂျင်နီယာမှူး ဦးထွန်းဝင်းမြင့်က ဒီဇင်ဘာ ၂၆ရက်နေ့တွင် ပြောသည်။” ဒီ လျော်ကြေးကိစ္စက ကျွန်တော်တို့က ဆုံးဖြတ်ခွင့် မရှိပါဘူး “ဟု ၎င်းက ဆိုသည်။

တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ မေးမြန်းရန် မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဒီဇင်ဘာ ၂၇ရက်နေ့၌ ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာတွင် ဦးဖြိုးဇော်ကိုကိုမှာ ခွင့်ယူထားကြောင်း၊ ဒီဇင်ဘာ ၃၀ရက်တွင်မှ ခွင့်ပြည့်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ ၎င်းထံသို့ ဖုန်းဖြင့် တိုက်ရိုက် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ၂၀၁၈ ဒီဇင်ဘာ ၂၇ ရက် ညနေအထိ အဆက်အသွယ် မရရှိသေးပေ။

စောအယ်လ်ဒီး

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.