မြဝတီ နယ်စပ်တွင် သွင်းကုန် ပို့ကုန်ပမာဏ ဆယ်ဆ ကွာ

မြဝတီ ၊ ဇွန် ၁၁

ယခုဘဏ္ဍာနှစ်သစ် ရောက်ဆဲကာလတွင် မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့် ထိုင်းဘက်သို့ ကုန်ပစ္စည်းတင်ပို့မှုမှာ ယမန်နှစ် ကာလတူထက် ကန်ဒေါ်လာ ၃.၂၄၁ သန်းပိုမိုခဲ့ပြီး မြင့်တက်လာသော်လည်း ထိုင်းဘက်မှ သွင်းကုန်ပမာဏအောက် ၁၀ ဆ ခန့်လျော့နည်းနေဆဲ ဖြစ်သည်။

၂၀၁၈ ဧပြီလ ၁ ရက်နေ့မှ မေလ၂၅ ရက်နေ့ထိ ထိုင်းသို့ ကုန်ပစ္စည်း ကန်ဒေါ်လာ ၁၂. ၀၆၉ သန်းဖိုး တင်ပို့ခဲ့သော်လည်း ထိုင်းမှ တင်သွင်းမှုမှာ ကန်ဒေါ်လာ ၁၂၀.၅၄၉ သန်းရှိ၍ ၉.၉၈ ဆ လျော့နည်းခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန၊ စခန်းများအလိုက် ပို့ကုန်/သွင်းကုန် နှိုင်းယှဉ်ချက်စာရင်းအရ သိရသည်။

ဖော်ပြပါကာလအတွင်း ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁၃၂.၆၄၅သန်းရှိခဲ့ပြီး ယခင်နှစ် အဆိုပါကာလထက် ၂၅.၅၃၀ သန်း ပိုမို ကုန်သွယ်နိုင်ခဲ့သည်။

မြန်မာဘက်သို့ ထိုင်းမှ ဓာတ်ငွေ့ရည်၊ စက်သုံးဆီ၊ စားသုံးဆီများ၊ မော်တော်ဆိုင်ကယ်မျိုးစုံ၊ စားသောက်ကုန်၊ အလှကုန်၊ လူသုံးကုန်အပြင် သွပ်၊ ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းအမျိုးမျိုးကို ယခင်ထက် ပိုမိုတင်သွင်းလာသည်။

၂၀၁၇- ၂၀၁၈ မော်တော်ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒနှင့် အခွန်နှုန်းထား အပြောင်းအလဲကြောင့် တရားဝင်ကားတင်သွင်းမှုမှာ မရှိသလောက် နည်းပါးခဲ့သည်။ လယ်ယာသုံး ထွန်စက်များနှင့် လုပ်ငန်ယန္တရားများကိုသာ ပုံမှန်တင်သွင်းလျက်ရှိသည်။

မြဝတီနယ်စပ်တွင် သောင်ရင်းမြစ်ဖြတ်ကျော် စက်လှေဂိတ်၂၀ ကျော်တို့မှ ကုန်သွယ်ကူးသန်းမှုမှာလည်း ယခင်အတိုင်း ရပ်တည်နေကာ တရားဝင်တင်သွင်းခွင့် မရှိသော ဝက်၊ ကြက်၊ အသည်းနှလုံးပါကင်ထုပ်များ၊ဂျော့ပုဇွန်များ၊ အဖျော်ယမကာမျိုးစုံတို့ကို ပြည်တွင်းသို့ အလုံးအရင်းဖြင့်တင်သွင်းလျက်ရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။

မြဝတီနယ်စပ်စခန်းသို့ ထိုင်းဘက်ခြမ်းမှ ကုန်တင်ယဉ်ကြီး စီးရေ ၅၀၀ ခန့် နေ့စဉ် ဝင်ရောက်နေသော်လည်း မြန်မာဘက်မှမူ ကုန်တင်ယာဉ် ကူးသန်းမှုမှာ ဆယ်ဂဏန်းမျှသာရှိသည်။
နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနလက်အောက်ရှိ အဆိုပါစခန်းကို ၁၉၉၈ စက်တင်ဘာလလယ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခု သက်တမ်း နှစ် ၂၀ ပြည့်မြောက်တော့မည်ဖြစ်သည်။

Written by သိင်္ဂီ(မြဝတီ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.