မြဝတီ၊ နိုဝင်ဘာ ။ ။ မြန်မာနိုင်ငံ၏ ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သည့် မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပြည်တွင်းဈေးကွက်တင်သွင်းမည့် ထိုင်းကုန်ပစ္စည်းများတင်ဆောင်လာသည့် ကုန်တင်ယာဉ်များမှာနေ့စဉ်ရာနှင်ချီ၍ ဝင်ရောက်မှု ရှိနေသဖြင့်မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်တွင် ကားစီးရေများစွာရပ်တန့်နေရခြင်းကြောင့် တံတားကြံ့ခိုင်မှု ထိခိုက်လာနိုင်ကြောင်းအဆိုပါချစ်ကြည်ရေးတံတားမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

mya

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားပေါ်မှ ၂၂ဘီးတွဲကားများ၊ ၁၂ ဘီးကုန်ကားများအပါဝင်ကုန်တင်ယာဉ် ၂၀ဝ ကျော်သည် နေ့စဉ်ဝင်ရောက်လျက်ရှိသဖြင့် တံတားကြံ့ခိုင်မှုအတွက် ကုန်တင်ယာဉ် ၁၀ စီးတစ်ကြိမ်ဖြင့်တံတားပေါ်မှ ဖြတ်သန်းရန် နှစ်နိုင်ငံတာဝန်ရှိသူများကဆုံးဖြတ်ချက် ချထားကြောင်း ၎င်းက ဆိုသည်။

အမှတ် (၂) ကုန်သွယ်တံတားတည်ဆောက်မှု မပြီးမီ ကာလအတွင်းအမှတ် (၁) ချစ်ကြည်ရေးတံတားကြံ့ခိုင်မှုကိုထိန်းသိမ်းရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“တံတားပေါ်မှာကုန်ကားတွေ ရပ်စောင့်နေရတယ်၊ ဘာကိုစောင့်လည်းတော့ မသိဘူး၊ တန်းစီထားတာတံတားအလယ်ထိရောက်တယ်၊ မဲဆောက်ဈေးသွားဖို့ဆိုရင် တံတားပေါ်မှာကားပိတ်တာစောင့်ရင်းနဲ့တင် တစ်မနက် ကုန်ပြီ၊ ကုန်ကားတွေ Weight များတော့ ကားတစ်စီးဖြတ်တိုင်းတုန်ခါသွားတာပါပဲ”ဟု မြဝတီမြို့မှ မဲဆောက်သို့ ဈေးသွားဝယ်သူတစ်ဦးက ပြောဆိုသည်။

မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအားကြံ့ခိုင်မှုယိုယွင်းလာသဖြင့် မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် စီမံကိန်းနှင့်အတူဘတ်သန်း၄၀ ကျော် အကုန်ကျခံ ပြန်လည်ပြုပြင်ခဲ့ကြောင်းသိရသည်။

“တကယ်ဆိုရင် တစ်ဖက်မှ လမ်းရှင်းပြီးလို့ အချက်ပေးမှ ထိုင်းဘက် တံတားတာဝန်ကျသူတွေကလည်း ကားလွှတ်သင့်တာပါ၊ ခုက မြန်မာဘက်မှ မပြီးသေးဘူး၊ ထိုင်းဘက်ကကားတွေ တက်လာပြီးဆိုတော့ တံတားပေါ်မှာပိတ်သွားတာပေါ့၊ လူကြီးတွေ ချမှတ်ထားတဲ့ စည်းကမ်းကိုလိုက်နာသင့်ပါတယ်”ဟု မြဝတီ-မဲဆောက် အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးနေသူတစ်ဦးကပြောသည်။

မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် နယ်စပ်စခန်းများအနက် အောက်တိုဘာ ၂၈ ရက်ထိအမေရိကန်ဒေါ်လာ ၅၀၁ ဒသမ ၇၃၉သန်းကုန်သွယ်နိုင်ခဲ့ကြောင်းသိရသည်။

Written by – ဆုလာဘ်

Leave a Reply