မြဝတီ၊ မတ် ၃၀ ။ ။ မြဝတီ-မဲဆောက် ဆက်သွယ်ထားသည့် အမှတ် (၂) ချစ်ကြည်ရေးတံတားကို မတ် ၃၀ ရက် နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦဝင်းခိုင်နှင့် ထိုင်းနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီး Mr.Arkhon Thermpittaya Paisith နှင့် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြောင်း သိရသည်။

“ယခုတည်ဆောက် ပြီးစီးသွားတဲ့ အမှတ် (၂) ချစ်ကြည်ရေးတံတားဟာ ဗီယက်နမ်၊ လာအို၊ ထိုင်း-မြန်မာနိုင်ငံ တို့ကို ဆက်သွယ်ပြီးတော့ အရှေ့အနောက် စီးပွားရေးစင်္ကြန်ရဲ့ အရေးပါတဲ့ ဆက်သွယ်မှု တံတား ဖြစ်ပါတယ်၊ ဒီတံတား ဖွင့်လှစ် ပြီးစီးပါက မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ စီးပွားရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေ ပိုမို တိုးတက်လာမှာ ဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။

မြဝတီ-မဲဆောက် ဆက်သွယ်ထားသည့် အမှတ်(၂) ချစ်ကြည်ရေးတံတားကို ၂၀၁၅ ခုနှစ် သြဂုတ် ၃၀ ရက်က ပန္နက်ချခဲ့ပြီး တံတားအရှည် ၁၇၀ မီတာရှည်လျားကာ မြန်မာဘက်ကမ်း၌ ချဉ်းကပ်လမ်း ၁၁၀ မီတာ၊ ထိုင်းဘက် ချဉ်းကပ်လမ်း ၃၈၀ မီတာရှိ၍ လမ်းအကျယ်မှာ ၁၇ မီတာ၊ လေးလမ်းသွားဖြစ်ကြောင်း တံတား ဆောက်လုပ်ရေး စီမံကိန်း ပရော်ဂျက်အရ သိရသည်။

“အမှတ် (၂) ချစ်ကြည်ရေးတံတားဟာ နှစ်နိုင်ငံကြား ကုန်သွယ်မှု ပိုပို တိုးတက်လာတဲ့ အပြင် ဒီလမ်းမှာ တည်ရှိတဲ့ နိုင်ငံတွေလည်း ကုန်သွယ်လုပ်ငန်းမြင့် တက်လာမှာ ဖြစ်ပါတယ်၊ ယခု တံတားအား ချစ်ကြည်ရေး တံတားအဖြစ် သုံးနှုန်းခေါ်ဝေါခြင်းအားဖြင့် နှစ်နိုင်ငံ ပြည်သူများ ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မြဲလာစေမည် ဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး Mr.Arkhon Thermpittaya Paisith က ပြောသည်။

အဆိုပါ မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားစီမံကိန်းအား ထိုင်းနိုင်ငံအစိုးရ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းဘတ်ငွေ သန်း ၃၉၀ဝ အကုန်အကျခံကာ ထိုင်းနိုင်ငံလမ်းတံတား တည်ဆောက်ရေး လုပ်ငန်းမှ တာဝန်ယူတည်ဆောက်ခဲ့ကြောင်း သိရသည်။

Written by – ဆုလာဘ်

Leave a Reply