ဘားအံ၊ မေ

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသရှိ စစ်ဘေးရှောင်စခန်းတွင် ဒေသခံစစ်ဘေးရှောင်သူ လူဦးရေ ၅၀၀၀ ကျော်အတွက် စားသောက်နေထိုင်မှုကို ပြင်ပ အလှုရှင်၊ စေတနာရှင်အစုအဖွဲ့များ လာရောက် လှုဒါန်းမှုများဖြင့် ချက်ပြုတ်ကျွေးမွေး စောင့်ရှောက်နေရကြောင်း စစ်ရှောင် ဒေသခံများ စားနပ်ရိက္ခာ ကူညီပေးရေး ချိတ်ဆက်လုပ်ဆောင်ပေးနေသူများအဖွဲ့ထံမှ သိရသည်။

အမြဲတန်း ကူညီထောက်ပံ့မှုများ မရှိသည့်အတွက် ယခုနွေရာသီနှင့် မိုးရာသီ အချိန်အထိ နေရပ်ပြန် အခြေချ နိုင်ခြင်းမရှိပါက လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများ ဆိုးရွားလာနိုင်ကြောင်း စစ်ရှောင် ဒေသခံများ စားနပ်ရိက္ခာ ကူညီပေးရေး ချိတ်ဆက်လုပ်ဆောင်ပေးနေသူများအဖွဲ့မှ စောမောင်ချိုက ပြောဆိုသည်။

“အခုက ကျွန်တော်တို့ အလှူရှင်တွေ လူမှုကွန်ရက်က မိတ်ဆွေတွေကို ဆော်သြပြီး အလှူခံရတဲ့ ရိက္ခာစားစရာ ထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေတာ မြိုင်ကြီးငူဒေသ တိုက်ပွဲတွေ စဖြစ်ကတည်းက အခုချိန်ထိပါပဲ ဖြစ်စခြင်း တုန်းကတော့ လှူသူတွေပေါနေပေမယ့်၊ အချိန်ကြာလာတော့ နည်းပါးလာပြီ”ဟု စောမောင်ချိုက ပြောသည်။

တိုက်ပွဲအခြေအနေအရ မိုင်းများ မရှင်းနိုင်သေးသည့် အခြေအနေကြောင့် စစ်ရှောင် ၅၀၀၀ ကျော် နေရပ် မပြန်နိုင်သေးကြောင်း၊ ယခင် ပြည်နယ်အစိုးရက လစဉ် ဆန်၊ ဆီနှင့် အခြေခံစားကုန်များ ထောက်ပံ့ခဲ့ပြီး ယခု မထောက်ပံ့သည်မှာ တစ်လကျော် နှစ်လနီးလာကာ စစ်ရှောင်စခန်းမှ ရိက္ခာ ပြတ်တောက်မှုများနှင့် ကြုံတွေ့ နေရကြောင်း ၎င်းက ဆိုသည်။

စစ်ဘေးရှောင်ပြည်သူများ အစစအရာရာ အဆင်ပြေစေရန် ပြည်ထောင်စုအစိုးရနှင့် ချိတ်ဆက်တင်ပြ ညှိနှိုင်းဆောင်ရွက်နေကြောင်း၊ ဒေသတွင်း ဖြစ်ပျက်မှုများကို တပ်မတော်၊ အရပ်ဘက် jmcs အဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန် အခြေချနိုင်ရေး၊ မြေမြုပ်မိုင်းရှင်းလင်းရေး၊ ဒေသခံများ မိုင်းအသိပညာပေး လုပ်ငန်းများကိုလည်း NGO ၊ ဌာနဆိုင်ရာများနှင့် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောသည်။

ရာဟု(ဘားအံ)

Leave a Reply