ဘားအံ အောက်တိုဘာ

မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တ သုဇန၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ကရင်ပြည်နယ် မြိုင်ကြီးငူ အထူးဒေသတွင် ၄၅ ရက်ကြာ ပူဇော်ထားရှိမည်ဖြစ်ရာ အခမ်းအနားသို့ မည်သည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကမျှ လက်နက် ယူဆောင် မလာပါက ပိုမိုကောင်းမွန်ကြောင်း မြိုင်ကြီးငူကျောင်းခွဲ စိုးမြတ်မြိုင်ကြယ်ကျောင်းတွင် သီတင်းသုံးသည့် ဦးသီရိဓမ္မက အကြံပြု မိန့်ကြားသည်။

ဆရာတော်အနေဖြင့် အောက်တိုဘာ ၁၉ရက်နေ့က ဈာပနအခမ်းအနားတွင် ဟင်္သာမီဒီယာကို ယင်းသို့ မိန့်သည်။

မြိုင်ကြီးငူဆရာတော်၏ ဒကာ၊ ဒကာမများအပါအဝင် အစိုးရအဖွဲ့ဝင်များနှင့် အောက်တိုဘာလ ၁၅ရက်က မြိုင်ကြီးငူ ကြေးသွန်းဘုရားကြီးတွင် ပြုလုပ်သည့် အစည်းအဝေး၌ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF)အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးစောချစ်သူက တိုင်းရင်းသားလက်နက်ကိုင်များ လက်နက်ကိုင်ဆောင်၍ အခမ်းအနားသို့ မလာသင့်ကြောင်း ဆွေးနွေးပွဲအပြီး မီဒီယာနှင့် တွေ့ဆုံစဉ် ထည့်သွင်း ပြောဆိုခဲ့သည်၊ ယင်းအပေါ် သဘောထားကွဲလွဲမှုဖြစ်ပေါ်၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ မလာရောက်နိုင်ကြောင်း ဆိုသော စကားရပ်သည် မဟုတ်မှန်ကြောင်း ဦးသီရိဓမ္မက မိန့်သည်။

” မီးသြင်္ဂိုဟ်မယ့်ရက်က နိုဝင်ဘာလ ၂၇ရက် ၊ တန်ဆောင်မုန်း လပြည့်ကျော် ၅ရက်နေ့မှာ ကျင်းပမယ်”ဟု မြိုင်ကြီးငူ တိုက်အုပ်ဆရာတော် အရှင်ဉာဏိကမှ မိန့်ကြားသည်။

မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇနမှာ ယခုလ ၁၃ရက် ထိုင်းစံတော်ချိန် ည ၉ နာရီ ၁၂ မိနစ်အချိန်တွင် အသည်းရောဂါကြောင့် ဘန်ကောက်မြို့ ၊ Bumrungrad International Hospital ဆေးရုံကြီး၌ လအတန်ကြာ တစ်နှစ်နီးပါး ဆးဝါးကုသမှုခံယူတော်မူရင်း ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ပြီး သက်တော် ၇၁နှစ် ဝါတော် ၅၁ ဝါရှိပြီဖြစ်သည်။

စောအယ်လ်ဒီး

Leave a Reply