မော်လမြိုင် မတ်

မြိုင်ရတနာ နှစ်ထပ်ဈေးရှိ ကုန်စိမ်းတန်းဈေးနေရာကို အသစ်ပြန်လည် ဆောက်လုပ်မည်ဖြစ်ကြောင်း ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

မြိုင်ရတနာ နှစ်ထပ်ဈေးရှိ ကုန်စိမ်းဈေးနေရာကို အသစ်ပြန်လည်တည်ဆောက်ပြီး ၊ပြီးစီးပါက လက်ရှိတည်ခင်းရောင်းချနေသူများကို အခမဲ့ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ဈေးအသစ်ဆောက်လုပ်နေစဉ်ကာလအတွင်း လက်ရှိရောင်းချနေသည့် ဈေးသည်များကို ပြည်တော်သာဝင်းနေရာတွင် ယာယီဈေးအဖြစ် ပြောင်းရွှေ့ရန် အစိုးရအဖွဲ့မှ တရားဝင် စာထုတ်ပေးမည်ဖြစ်ပြီး အဆောက်အဦကို ဧပြီလအတွင်း ်ဆောက်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

“မြိုင်ရတနာ ကုန်စိမ်းဈေးကို အသစ်ပြန်ဆောက်မယ်။ သူတို့က ငွေသွင်းစရာ မလိုဘူး၊ စီးပွားရေး လုပ်ငန်းရှင်တွေက ကူညီပြီးဆောက်ပေးတာ။ ယာယီဈေးကိုတော့ ပြည်တော်သာဝင်းမှာထားမယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ အစိုးရလက်ထက်တွင် မွန်ပြည်နယ်ရှိ ဈေးများကို အသစ်ပြန်လည် ဆောက်လုပ်ပေးလျက်ရှိပြီး သထုံဈေးနှင့် မုဒုံဈေး အသစ်ပြန်လည် ဆောက်လုပ်ရန် တင်ဒါခေါ်ယူသည်မှာ နှစ်ကြိမ်ရှိပြီး ဖြစ်သော်လည်း လာရောက်လျှောက်ထားသူမရှိကြောင်း ၎င်းက ထပ်လောင်းပြောသည်။

“ပျံကျတွေကျတော့ အလယ်နဲ့ အပြင်မှာ ရောင်းနေတာပေါ့၊ ရုံးကပေးထားတာကတော့ သွပ်မိုးဆိုင်ခန်းနဲ့ ချထားတဲ့ ဆိုင်ခန်းက ၁၀၆ ခန်းရှိတယ်။ ပျံကျ ခန့်မှန်းခြေ အတွင်းမှာဆို ၂၀၀ နီးပါး ရှိတယ်” ဟု ဈေးတာဝန်ခံ ဦးတင်စိုးက ရှင်းပြသည်။

မြိုင်ရတနာဈေးတွင် ရွှေဆိုင်အများဆုံးရောင်းချသည့် လေးထပ် အဆောက်အဦ၊ အသုံးအဆောင်များ ရောင်းချသည့် နှစ်ထပ်အဆောက်အဦနှင့် ပြန်လည်ဆောက်လုပ်မည့် တစ်ထပ် ကုန်စိမ်းဈေးအပါအဝင် မှန်လုံပလာဇာတို့ တည်ရှိသည်။

တေဇ

==

Leave a Reply