မြိုင်သာယာမှ ကေတီဗီ စားသောက်ဆိုင်နှင့်ခေါင်ရည်ဆိုင်များကို ပိတ်သိမ်းမည်ဟု ဝန်ကြီးချုပ်ပြောကြား

မော်လမြိုင်၊ သြဂုတ် ၁၆

မြိုင်သာယာရပ်ကွက်၊ တက္ကသိုလ် အနီးမှ ကေတီဗီ စားသောက်ဆိုင်များ၊ ခေါင်ရည်ဆ်ုင်နှင့် ထန်းရည်ဆိုင်များကို ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဟင်္သာမီဒီယာကို ပြောကြားသည်။

အဆိုပါရပ်ကွက်သည် တက္ကသိုလ်ကျောင်းနှင့် နီးသော ရပ်ကွက်ဖြစ်သည့်အလျောက် ယင်းဆိုင်များ မရှိသင့်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် တက္ကသိုလ် အနီးအနားတွင် ရှိနေသည့် ဆိုင်များကိုလည်း သတ်မှတ်စည်းကမ်းနှင့် အညီဖွင့်လှစ်ခွင့်ပေးမည်ဖြစ်ပြီး စည်းကမ်းလိုက်နာမှုမရှိပါက ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုသည်။

ထန်းရည်ဆိုင်၊ ခေါင်ရည်ဆိုင်နှင့် ကေတီဗီ စားသောက်ဆိုင်များတွင် အခန်းအလုံပိတ်ထားပြီး ဖွင့်လှစ်ရောင်းချပါက ချက်ချင်းပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။

ထိုသို့ သတ်မှတ်ထားသောစည်းကမ်းနှင့် အညီဖွင့်လှစ်ရောင်းချမှုမရှိသည့် ဆိုင်များကို ပြည်သူများက တိုင်ကြားနိုင်ပြီး တာဝန်ရှိသူများမှ စစ်ဆေးဖမ်းဆီးမည်ဖြစ်ကြောင်း ၎င်း ကပြောဆိုသည်။

၎င်းရပ်ကွက်ရှိ ကေတီဗီ စားသောက်ဆိုင်၊ ခေါင်ရည်ဆိုင်နှင့် ထန်းရည်ဆိုင် စာရင်းများကို သိရှိနိုင်ရန် တာဝန်ရှိသူများထံ စာရင်းတင်ပြရန် ပြောကြားထားပြီး ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ကေတီဗီစားသောက်ဆိုင်လုပ်ငန်းလျှောက်ထားသည့် ဆိုင် ၂၇ ဆိုင်ရှိပြီး မြိုင်သာယာရပ်ကွက်တွင် ၁၅ ဆိုင်ရှိကြောင်း ၂၀၁၆ ခုနှစ် မွန်ပြည်နယ် ဗီဒီယိုအခြေခံရုံးစာရင်း မှတ်တမ်းအရ သိရသည်။

 

Written by – ရင်ငြိမ်းချမ်း၊ ခေတ်မင်း

 

1 comment:

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်