မြိုင်သာယာရပ်ကွက် KTV ဆိုင်အတွင်း စိတ်ကြွဆေး လာရောင်းသူ နှစ်ဦး ဖမ်းမိ

မော်လမြိုင်၊ မတ် ၂၉

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ အကယ်ဒမီ KTV ကာရာအိုကေ စားသောက်ဆိုင်အတွင်း လာရောက်၍ စိတ်ကြွရူးသွပ်ဆေးပြားများအရောင်းအဝယ်ပြုသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ဒုစရိုက်မှု တားဆီးကာကွယ်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

“အကယ်ဒမီ KTV စားသောက်ဆိုင်က အခန်းနံပတ် S-4 မှာ မူးယစ်ဆေးဝါးလာရောင်းတယ်လို့ သတင်းရလို့ သွားရောက်ဖမ်းဆီးခဲ့တာ ။ စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ပြားနဲ့ ဆက်စပ်ပစ္စည်းအပါအဝင် သူတို့စီးလာတဲ့ ဆိုင်ကယ်တစ်စီးကို သိမ်းပြီးတော့ သက်ဆိုင်ရာမြိုင်သာယာနယ်မြေရဲစခန်းမှာ ဖမ်းမိခဲ့တဲ့ လူငယ်နှစ်ယောက်ကို မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉ (က)၊ ၂၀ (က) နဲ့ အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့တယ်” ဟု ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိသူ ရဲအရာရှိက ပြောသည်။

သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ ပေါင်မြို့၊ မုတ္တမ၊ သူဌေးကုန်းရပ်ကွက်နေ ကိုဟိန်း (ခ) အောင်မြင့်မြတ်ဟိန်း ၂၁ နှစ်နှင့် အောင်ဖြိုးသူ ၂၂ နှစ်တို့နှစ်ဦးကို အသင့်တွေ့ရှိခဲ့ရပြီး ၎င်းတို့နှစ်ဦးထိုင်နေသည့် အရှေ့စားပွဲပေါ်မှ အမဲရောင် ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော စိတ်ကြွရူးသွပ်ဆေးပြား ၁၈ ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ဖမ်းဆီးမိခဲ့သည့် လူငယ်နှစ်ဦး၏ ထွက်ဆိုချက်အရ အောင်မြင့်မြတ်ဟိန်း၏ နေအိမ်ကို မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ်အောင်မင်းကြည်နှင့်အတူ ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်းနေအိမ်အပေါ်ထပ်ရှိ ဘုရားစင်အောက် ကြမ်းပြင်ပေါ်တွင် Red Ruby စီးကရက်ဘူးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများကို ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိက ဆိုသည်။

“စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့ အတူ ဖမ်းဆီးရမိတဲ့ လူငယ်နှစ်ဦးကို မြိုင်သာယာနယ်မြေရဲစခန်းမှာ ဖမ်းဆီးအမှုဖွင့်ပြီးတော့ စစ်ဆေးပေါ်ပေါက်ချက်နဲ့ ပေါင်မြို့၊ မုတ္တမ သူဌေးကုန်းရပ်ကွက်မှာရှိတဲ့ အောင်မြင့်မြတ်ဟိန်းရဲ့ နေအိမ်ကို ထပ်ပြီး သွားရောက်ရှာဖွေတဲ့အခါမှာ စိတ်ကြွရူးသွပ်ဆေးပြား ၃၁၁ ပြားကို ရှာဖွေတွေ့ရှိသိမ်းဆည်းခဲ့ရတယ်”ဟု မူးယစ်ဆေးဝါးများ သွားရောက်ရှာဖွေဖမ်းဆီးခဲ့သော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

ပေါင်မြို့၊ မုတ္တမ၊ သူဌေးကုန်းရပ်ကွက်နေ အောင်မြင့်မြတ်ဟိန်း၏ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြားများ ထပ်မံဖမ်းဆီးရမိမှုနှင့် ပတ်သတ်၍ မုတ္တမနယ်မြေရဲစခန်းတွင် မတ် ၂၇ ရက်နေ့က ၎င်းကို မူးယစ်ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉ (က) အရ ထပ်မံအမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ယင်းရဲစခန်းမှူး ရဲအုပ်အောင်မင်းကြည်က ပြောသည်။

Written by ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်