မော်လမြိုင်၊ အောက်တိုဘာ ၈

မော်လမြိုင်မြို့နယ် အတွင်းပြေးဆွဲနေသော ပုဂ္ဂလိကယာဉ်လိုင်းမှ ယာဉ်အစီးရေထက်ဝက်ခန့်မှာ လုပ်ငန်းရပ်ဆိုင်းသွားပြီဖြစ်ကြောင်း မြို့နယ်ယာဉ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးသစ်လွင်ကပြောသည်။

ပြီးခဲ့သည့်နှစ်များက ယာဉ်အစီးပေါင်း ၂၁၁ စီးကျော် ပြေးဆွဲခဲ့သော်လည်း လက်ရှိတွင် ၉၀ ခန့်သာ ပြေးဆွဲရပြီး၊ ဈေးပိတ်ရက်များတွင်မူ ၁၀ စီးသာ ပြေးဆွဲနေရကြောင်း ၎င်းကပြောဆိုသည်။

ယခုအခါ ကားအရေအတွက်များပြားလာပြီး အချို့ကားများသည် လုပ်ငန်းလိုင်စင်မရှိဘဲ ခရီးသည်တင်ဆောင်ခြင်းများ ရှိနေသဖြင့်ယာဉ်ပိုင်ရှင်များ ဝင်ငွေလျော့ကျလာကြောင်း ၎င်းက ပြောသည်။

“နေ့တွက်နဲ့ပြောမယ်ဆိုရင် မကိုက်ဘူး။ တစ်နေ့မှ ၅၀၀၀၊ ၆၀၀၀၊ ၇၀၀၀ အဲလိုပဲ တစ်ရက်ရလိုက် မရလိုက် ဝင်ငွေကျသွားတဲ့အတွက် ကားကိုအပြင်ကိုရောင်းလိုက်တာရှိတယ်။ တချို့က ပိတ်ထားလိုက်တာရှိတယ်။ ကားကအဲဒီမှာထက်ဝက်လောက်လျော့သွားတယ်” ဟု ဦးသစ်လွင်က ဆိုသည်။

နယ်ယာဉ်လိုင်းများသည် သတ်မှတ်ဂိတ်ကိုကျော်၍ မြို့ထဲသို့ ခရီးသည်ပို့ဆောင်ခြင်းများရှိနေပြီး လိုင်စင်အနက် ယာဉ်အချို့သည်လည်း ကျောင်းဝင်းအတွင်းသို့ဝင်၍ ကျောင်းသားများကိုကြိုပို့ခြင်းများရှိနေသည်ဟု အမှတ် ၇ ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးငွေသိန်းကပြောသည်။

ထို့အပြင် ယာဉ်ပိုင်ရှင်များမှ မြို့နယ်ယထကသို့ စီမံကြီးကြပ်ခ တစ်ထောင်နှင့် သာရေးနာရေးရန်ပုံငွေအတွက် ကျပ် ၅၀၀တစ်နေ့လျှင် ၁၅၀၀ ကျပ် ပေးသွင်းရသဖြင့်ဝန်ပိလာရကြောင်း ၎င်းက ပြောဆိုသည်။

Written by စန္ဒာဉာဏ်

Leave a Reply