မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၆ ။ ။ မွန်ပြည်နယ်အတွင်း၌ မြို့နယ်ငါးဦးစီးဌာန လေးခုကို တိုးချဲ့ဖွင့်လှစ်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တိုက်ရိုက် လျှောက်ထားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စိုက်ပျိုး၊ မွေးမြူးရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးက ပြောကြားသည်။

ထပ်မံတိုးချဲ့ ဖွင့်လှစ်မည့် မြို့နယ်များတွင် ပေါင်၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံတို့ဖြစ်ပြီး၊ ဖွင့်လှစ်နိုင်ရေးကို နေပြည်တော် ငါးဦးစီးဌာနထံ လျှောက်ထားခဲ့ရာ ပြည်ထောင်စုအစိုးရအဖွဲ့ထံ ထပ်မံလျှောက်ထားရန် အကြောင်းပြန်ကြား လာသည့်အတွက် ပြန်လည်လျှောက်ထားရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်အနေနဲ့ ထပ်မံလျှောက်တင်ဖို့ ပြည်နယ်ငါးဦးစီးကို ပြောထားပြီးပြီး၊ ဒီကိစ္စကို ရုံးချုပ်နဲ့ ညှိနှိ်ုင်းပြီး ပြန်တင်သွားမယ်”ဟု ၎င်းက ဆိုသည်။
မြို့နယ် ငါးဦးစီးဌာနများ ဖွင့်လှစ်ခြင်းကြောင့် ငါးသယံဇာတမှ ရရှိသည့် အခွန်များ၊ ထွက်ရှိသည့် ငါးပဏမာများ၊ ငါးလုပ်ငန်း လုပ်ကိုင်သူများ၏ စာရင်းအသေစိတ်ကို

သိရှိလာမည်ဖြစ်ပြီး၊ ငါးသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများကို ပိုမို ထိရောက်စွာ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထပ်မံတိုးချဲ့ရာတွင် ဖွဲ့စည်းပုံအရ ဝန်းထမ်းများအဖြစ် ဦးစီးမှူး လေးဦးအပါအဝင် အဖွဲ့ဝင် ၂၈ ဦးတို့ကို ခန့်အပ်နိုင်ရေး၊ ရုံးမြေနေရာနှင့် အဆောက်အဦးအတွက် ကုန်ကျမည့် စရိတ်များကို တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။

“မြို့နယ်တိုင်းမှာ ဖွင့်ဖြစ်ရင်တော့ သူ့မြို့နယ် သူအနီးကပ် ကြီးကြပ်လို့ရတယ်၊ အရင်ကဆို ကျိုက်ထိုငါးဦးစီးက ဘီးလင်းမြို့နယ်ကို အနီးကပ် ကြီးကြပ်ရတယ်”ဟု မွန်ပြည်နယ် ငါးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်လှလှဝေက ပြောဆိုသည်။

ငါးဦးစီးဌာန တိုးချဲ့ဖွင့်လှစ်ခြင်းသည် ငါးသယံဇာတနှင့် ပတ်သက်သည့် အသိပညာပေး လုပ်ငန်းများ လုပ်ဆောင်လာနိုင်ခြင်း၊ ငါးဖမ်းကွက်များဖြစ်သည့် အင်း၊ အိုင်း၊ ချောင်း၊ မြောင်းများ ဖော်ထုတ်လာနိုင်ခြင်းနှင့် ငါးလုပ်ငန်း ဥပဒေများကိုလည်း ကျယ်ပြန့်စွာ လုပ်ဆောင်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီလိုတွေ ထပ်ဖွင့်ရင်တော့ ကောင်းတာပေါ့၊ ဒီလိုမှလည်း ငါးလုပ်ငန်းအတွက် လိုင်စင်တွေ လုပ်လို့ရှိရင် လွယ်ကူလာမယ်”ဟု မော်လမြိုင်မြို့ရှိ ငါးလုပ်ငန်းရှင် ဒေါ်အေးသန်းက ဆိုသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း၌ ပြည်နယ်ငါးဦးစီးဌာန တစ်ခု၊ ခရိုင်ငါးဦးစီးဌာ နှစ်ခုနှင့် စခန်းတစ်ခု အပါအဝင် ကျိုက်ထို၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်တို့တွင် ငါးဦးစီးဌာနများကို ဖွင့်လှစ်ထားသည်။

Written by – ဇော်ထိုက်

Leave a Reply