မြို့နယ်နိမိတ် တိုးချဲ့ရေးကိစ္စ စည်ပင်မှ ပဏာမခေါ်တွေ့

ချောင်းဆုံ ၊ ဇွန်

ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ် တိုးချဲ့ရန် လျာထားဧရိယာတွင် ပါဝင်သည့် ကျေးရွာ ၉ ရွာမှ အုပ်ချုပ်ရေးမှူးများကို ဇွန်လ ၁၂ ရက်တွင် စည်ပင်ဌာနက ခေါ်ယူတွေ့ဆုံ ဆွေးနွေးသည်။

“မုရစ်ကြီး ၊ ခရိုက်သစ် ၊ ကွမ်သဲ ၊ မရမ်း ၊ ကုလားတို့ ၊ သက္ကော၊ ဘိုးနက် ၊ ကညှော် နဲ့ မုဒွန်းကျေးရွာ ပေါင်းကျေးရွာ ၉ ရွာပါဝင်ဖို့လျာထားရွေးချယ်ထားပါတယ် ။ကျေးရွာ အုပ်ချုပ်ရေးမှူး တွေနဲ့လည်း ပဏာမညှိနှိုင်းမှုတွေလုပ်ထားတယ် ”ဟုယင်းဌာနအမှုဆောင်အရာရှိ ဦးအုံးသန့် က ဟင်္သာသို့ ပြောသည်။

ကျေးရွာများတွင်လူထုဗဟိုပြုစီမံကိန်းဖော်ရန် လက်ကျန်ကာလမှာ တစ်နှစ်သာရှိတော့ကြောင်း၊စီမံကိန်းအပြီးနောက်ပိုင်းကာလ၌ ကျေးရွာဖွံ့ဖြိုးရေးအတွက် စည်ပင်သာယာရေးရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်ရန် စည်ပင်ဥပဒေနှင့်ကိုက်ညီမှုရှိမှသာလျှင်ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

အုပ်ချုပ်ရေးမှူးများကယင်းကိစ္စပတ်သက်ပြီး ရွာခံလူထုနှင့်ညှိနှိုင်းတိုင်ပင်လိုကြောင်း တုန့်ပြန်သည်ဟုသိရသည်။

“မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ် တိုးချဲ့သတ်မှတ်ဖို့ လက်မခံတဲ့ကျေးရွာတွေကိုလည်း အတင်းအကြပ်ဝင် ခိုင်းမှာတော့မဟုတ်ဘူး။အားလုံးနားလည်သဘောပေါက်အောင်လည်းအောက်ခြေအထိဆင်းပြီး ညှိနှိုင်းသွားဖို့ရှိ တယ် ။ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်ဖို့က တစ်နှစ်ကျန်သေးတော့စဉ်းစားဖို့အချိန်ရပါသေး တယ်”ဟု မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြောသည်။

မြို့နယ်စည်ပင်သာယာရေးဌာနက ချောင်းဆုံမြို့ပေါ်ရပ်ကွက် ၃ခုတွင် လမ်း ၊ တံတား ၊ ရေပေးဝေရေး ၊ အမှိုက်သိမ်းဆည်းရေး ၊ လမ်းမီးလင်းရေးတို့တာဝန်ယူဆောင်ရွက်ပေးနေကြောင်း၎င်းကဆိုသည်။

ချောင်းဆုံမြို့နယ်သည် ရွာပေါင်း ၇၂ ရွာဖြင့်ဖွဲ့စည်းထားပြီး ဘီလူးကျွန်း၏ အလယ် ချိုင့်ဝှမ်းတွင် တည်ရှိသည်။ မြို့နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၄၅၇ ဖြစ်သော်လည်း စပါးစိုက်ပျိုးသော ဧရိယာမှာ စတုရန်း မိုင် ၁၉ဝ သာ ဖြစ်ကြောင်း သိရသည်။

Written by လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်