မော်လမြိုင်၊ မေ၃၀

မွန်ပြည်နယ်အတွင်း သက်ဆိုင်ရာမြို့နယ်များမှ တောင်းဆိုလာပါက လမ်းဘေးခွေးများ သုတ်သင်ရှင်းလင်း မှုပြုလုပ်ပေးနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောသည်။

ခွေးလေခွေးလွင့်များကို မြို့နယ်အလိုက် တောင်းဆိုမှုအပေါ် မူတည်ပြီး သုတ်သင်ရှင်လင်းမှု စတင်နေသည်မှာ တစ်နှစ်တာကြာမြင့်ခဲ့ပြီဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

“ခွေးလေခွေးလွင့်တွေကိုတော့ မပေါက်ခင်က ရှင်းလင်းသွားဖို့ အစီအစဉ်ဆွဲပြီးသားပါ” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ယင်း ခွေးလေခွေးလွင့် သုတ်သင်ရှင်းလင်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ရန်အတွက် လိုအပ်သည့်ဆေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှတဆင့် မှာယူရန် စာပေးပို့ထားကြောင်း ဦးမင်းကျော်လွင် ကပြောသည်။

သို့သော်လည်း လမ်းဘေးခွေးလေခွေးလွင့်များကြောင့် လမ်းသွားလမ်းလာလူထုအနေနဲ့ အန္တရယ် ကြုံတွေ့နေမှုများ ရှိနေသေးကြောင်း သံဖြူဇရပ်မြို့တွင်နေထိုင်သူ ကိုဝင်းဇော် ကပြောသည်။

“လမ်းဘေးခွေးလိုက်လို့ ဆိုင်ကယ်မှောက်သွားတာတို့ ၊ စက်ဘီးမှောက်ပြီး ကိုယ်ဝန်ဖျက်သွားတာတို့ ရပ်ကွက်မှာ ဖြစ်နေတယ်” ဟု ကိုဝင်းဇော်က ဆိုသည်။

ခွေးလေခွေးလွင့် များကို အစာကျွေး စောင့်ရှောက်သူများအနေနှင့်လည်း တတ်နိုင်သည့်ကောင်ရေကိုသာ ထိန်းသိမ်းစောင့်ရှောက်ကြရန် ၎င်းက တိုက်တွန်းပြောဆိုသည်။

မွန်ပြည်နယ်၏ အခြေအနေအရ လမ်းဘေးခွေးကောင်ရေ အလွန်များပြားနေသောကြောင့် ခွေးများကို သုတ်သင်ရန်လိုအပ်နေကြောင်း မော်လမြိုင်မြို့ ရွှေပြည်အေးရပ်ကွက်တွင် နေထိုင်သူ ကိုုရှိင်းထက်ထွန်းက ပြောသည်။

“ရပ်ကွက်မှာ ခွေးရူးတွေတော့ မရှိတော့ဘူး လမ်းဘေးခွေးတွေကတော့ ကလေးတွေကို ဟောင်တာတို့၊ လူတွေဆီက အစာလိုက်ဟပ်တာတို့၊ အိမ်ရှေ့မှာ အညစ်အကြေးစွန့်တာတော့ရှိတယ် ”ဟု ကိုရိုင်းထက်ထွန်းက ပြောသည်

လမ်းဘေးခွေးများကို မသတ်ပဲ ခွေးများထိန်းသိမ်းသည့် နေရာစီပို့ဆောင်ခြင်း နည်းလမ်းဖြင့်သာ ထိန်းသိမ်းသင့်ကြောင်း မော်လမြိုင်မြို့ ဒိုင်းဝန်းကွင်းရပ်ကွက်တွင် နေထိုင်သော မကြာညိုက ပြောသည်။

ခွေးလေခွေးလွှင့် သုတ်သင်ရှင်းလင်းရေးကို မြို့နယ်အလိုက် လုပ်ဆောင်နေပြီး မွန်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ခွေးကောင်ရေ ၄ထောင် ကျော်သုတ်သင်ခဲ့ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေး အဖွဲ့ ထံမှသိရှိရသည်။

မော်လမြိုင်မြို့နယ်တွင် ၂၀၁၈ စက်တင်ဘာလမှ ၂၀၁၉ မေအထိတွင် ခွေးကောင်ရေ ၁၃၃၀ သုတ်သင် ရှင်းလင်း ခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ရုံးစာရင်းများအရ သိရသည်။

ရန်လင်းအောင်

Leave a Reply